မဲခေါင်၊ ဩဂုတ် ၁၈
TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင်းနေရာ ၂ ခုကို စစ်ကော်မရှင်က လေယာဉ်ဖြင့် ဩဂုတ်လ မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်တွင် ဗုံး ၂ လုံး ကြဲချခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောသည်။
“မြို့အနောက်ရပ်နဲ့ တောင်မြို့ဘက်တွေမှာပါ။ ဗယ်လင်တိုင်းနား တစ်လုံး၊ Tai House နား တစ်လုံးပါတဲ့ဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။
သီပေါမြို့ အနောက်ရပ် ရှိ ဆောင်းဦးအကင်ဆိုင်လမ်းအတွင်း ဗုံးတစ်လုံး ကျရောက်ခဲ့ပြီး တောင်မြို့ရပ်ကွက်အတွင်းရှိ Tai House လမ်းအတွင်းကို ဗုံးတစ်လုံးကြဲချခဲ့သည့်အပြင် ချက်ချင် မပြန်သေးပဲ မြို့ကို ဝဲပတ်စောင့်ကြည့်နေခဲ့သေးကြောင်း သီပေါမြို့ခံများက ဆိုသည်။
ယင်းဗုံးကြဲချ ခံထားရသည့် နေရာများတွင် နေထိုင်သူ ပြည်သူ ၃ဦး အထိအခိုက်ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီသည် သီပေါမြို့ကို လေကြောင်းမှ တိုက်ခိုက်နေသည်မှာ ၈ ကြိမ် ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“သက်ကြီး တစ်ဦး၊ သက်ရွယ် ၂ ဦး ထိတာ၊ တစ်အိမ်တည်း ၂ ဦး ထိတယ်။ အမျိုးသမီးတစ်ဦး သူက လက်ထိပ် လက်ကောက်ဝတ်ပဲ ထိတော့ သူအိမ်ပြန်ရောက်ပြီ မစိုးရိမ်ရဘူး။ ၂ ဦးကတော့ ခြေထောက်ဖြတ်ရဖို့များတယ်” ဟု ပန်းတိမ်တောင် ရပ်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ကလည်း သီပေါမြို့ရှိ အမှတ် ၂၃ စစ်တပ်ဝန်းကို ဗုံး ၄ လုံး ကြဲချခဲ့ကာ လူအသေအပျောက် မရှိခဲ့ပဲ ဩဂုတ်လ ၉ ရက်နေ့တွင်လည်း ပန်းတိမ်တောင်ရပ်ရှိ ရေဟော် ဘိုတဲဝင်းကို ဗုံးကြဲချသဖြင့် လူတစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဩဂုတ်လ ၁၄ ရက်နေ့နှင့် ၁၇ ရက်နေ့များကလည်း မိုးကုတ်မြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်၊ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၁၆ ဦး နှင့် အမျိုးသား ၅ ဦးတို့ သေဆုံးခဲ့သည် ဟု သိရှိရသည်။
နောင်ချိုမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက် ရရှိပြီးနောက်ပိုင်း သီပေါမြို့ကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာနေခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်နေ့က ဗုံး ၄ လုံး ကြဲချခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး လူ ၅ ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။
#MeKongNews
#TNLA
#စစ်ကော်မရှင်
#သီပေါမြို့
#လေကြောင်းတိုက်ခိုက်မှု
#ဗုံးကြဲချခြင်း








