မဲခေါင်၊ သြဂုတ် ၁၃
တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှ စစ်မှုထမ်း အပတ်စဥ် ၁ သို့ ခေါ်သွားခံရသူ တစ်ဦး သေဆုံးကြောင်းကို မိသားစုထံ ၆ လအကြာမှ နောက်ကျ အကြောင်းကြားလာသဖြင့် ယမန်နေ့ကမှ သပိတ်သွတ် နာရေးပြုလုပ်ရကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။
တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှ တက်ရောက်ခဲ့ရသူ မောင်ချမ်းမြေ့အောင် သည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ဟိုပုံး စစ်သင်တန်းကျောင်း၌ စစ်မှုထမ်းအပတ်စဥ် ၁ သင်တန်းဆင်းပြီးနောက် လွန်ခဲ့သည့် ၆ လခန့်ကပင် တိုက်ပွဲ၌ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်နှင့် စာရေးမ ဒေါ်အိအိခင်တို့က မိသားစုထံ ပြီးခဲ့သည့်ရက်ပိုင်းမှ အကြောင်းကြားလာသဖြင့် သြဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းကမှ နာရေး ပြုလုပ်ရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“နောက်ဆုံးအဆက်သွယ်ရခဲ့စဉ်က လားရှိုးနားက စစ်မြေပြင်တစ်ခုကနေပြီး အမေ သားတော့ ပြေးနေရတယ်။ အပေါ်ကနေ drone တွေဝဲနေလို့ ဆိုပြီး ဖုန်းချသွားခဲ့တာ။ အဲ့နောက်ပိုင်း အဆက်သွယ် ပြတ်တောက်သွားခဲ့တာ။ စကတည်းက တစ်ဦးထဲသားမို့ မိသားစုကလည်း မထည့်ချင်၊ သူကလည်း မလိုက်ချင်တာကို ဆေးစစ်ရင် ပြန်လာရမှာပါ ဆိုပြီး အုပ်ကြီးနဲ့ စာရေးမက လိမ်ပြီး ထည့်လိုက်တာ။ သူ့အမေမှာ နေ့တိုင်း မျက်ရည်နဲ့မျက်ခွက်၊ ပြီးတော့ အမှန်တကယ်ပေးရမယ့် ငွေ သိန်း ၅၀ ကိုလည်း မပေးဘဲ ၈ သိန်းပဲ ပေးတယ်လို့ သိရတယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
မိသားစုက ငွေမလိုချင်ကြောင်း၊ သားကိုသာ ပြန်ခေါ်ပေးရန် ငိုယိုတောင်းဆိုသော်လည်း ရပ်စောက်မှတဆင့် ဟိုပုံးသို့ ပို့ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် ရှေ့တန်းကို မပို့ဟု ပြောဆိုထားသော်လည်း စစ်မြေပြင်သို့ တိုက်ရိုက်ပို့ဆောင်ခဲ့သဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင် အုပ်ချုပ်ရေးပိုင်းက ပြည်သူပြည်သားများကို နည်းမျိုးစုံဖြင့် လိမ်ညာကာ စစ်သားစုဆောင်းခဲ့ပြီး သင်တန်းဆင်း၍ စစ်မြေပြင်၌ သေဆုံးခဲ့ရသူ အမြောက်အများရှိနေကြောင်း၊ သေဆုံးကြောင်းကိုလည်း အချိန်နှင့်တပြေးညီ အကြောင်းမကြားသဖြင့် မိသားစုများမှ နောက်ကျပြီးမှ နာရေးပြုလုပ်နေကြရကြောင်း၊ ယခုဖြစ်စဉ်ကဲ့သို့ပင် အလားတူဖြစ်ရပ်မျိုး ကျောင်းကြီးစု၊ ရတနာသီရိ၊ ကံသာ၊ စိန်ပန်း၊ ညောင်ဖြူစခန်းနှင့် ချမ်းမြသာစည် ရပ်ကွက်များတွင်လည်း ရှိနေကြောင်း စုံစမ်း သိရသည်။
#MeKongNews
#တောင်ကြီးမြို့
#စစ်မှုထမ်း
#လမ်းမတော်ရပ်ကွက်
#လားရှိုးတိုက်ပွဲ








