မဲခေါင်၊ ဩဂုတ် ၁၂
ဩဂုတ် ၁၂ ရက်နေ့က ဆာရင်ခရိုင်ရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော တမွန်သွမ်ဘုရားကျောင်းအနီး ထိုင်းစစ်သားများ ကင်းလှည့်နေစဉ် ကမ္ဘောဒီးယားဘက်မှ ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိသောကြောင့် တပ်ကြပ်ကြီးအဆင့် စစ်သားတစ်ဦး ဒဏ်ရာရကာ ခြေထောက်ဖြတ်ခဲ့ရသည့်အတွက် ထိုင်း တပ်မတော်ဌာနချုပ်ရှိ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်ထိုင်းဆူဗာရီးက မိမိတို့လည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးအတွက် အလုံးစုံပြင်ဆင်သွားတော့မည်ဟု ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားသည် နှစ်နိုင်ငံ နယ်စပ်ရေးရာကော်မတီဆွေးနွေးမှုတွင် အငြင်းပွားနယ်စပ်တစ်လျှောက် ခင်းထားသည့် မြေမြှုပ်မိုင်းများ ပြန်လည် ရုပ်သိမ်းပေးရန် ထိုင်းဘက်မှ တောင်းဆိုရာတွင် လိုက်လျှော ခြင်းမရှိဘဲ အပစ်အခတ်ရပ်စဲထားသော်လည်း ယခုလို ဖုံးကွယ်ထားသည့် မမြင်နိုင်သော မိုင်းများထားရှိ ခြင်းသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း ထိုင်းတပ်မတော်ပြောခွင့်ရှိသူက ဆိုသည်။
နိုင်ငံတကာက မသုံးစွဲရဟု ပြဌာန်းထားသော မြေမြှုပ်နင်းမိုင်းများကို နယ်စပ်တစ်လျှောက် ကမ္ဘောဒီးယားဘက်မှ ခင်း ထားသည့်အတွက် သေဆုံးဒဏ်ရာရသည့် ထိုင်းစစ်သားများမှာ ယခုမှမဟုတ်ဘဲ ရှေ့တွင်လည်း ရှိခဲ့ပြီး ဖြစ်သောကြောင့် မိမိတို့ဘက်မှ ကာကွယ်မှုအတွက် အလုံးစုံ ပြန်လည်ပြင်ဆင်သွားမည်ဟု ဝင်ထိုင်း ဆူဗာရီက ထုတ်ပြန်ပြောဆိုသွားခြင်းဖြစ်သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်မြေအငြင်းပွားမှု
#မြေမြုပ်မိုင်း








