မဲခေါင်၊ ဩဂုတ် ၇
နာမည်ကြီးအွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက် Auto888vip[dot]com အား ထူထောင်လုပ်ဆောင်နေသူ တစ်ဦးကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဩဂုတ် ၆ ရက်နေ့တွင် ပသမ်ဌာနီရှိ ဇိမ်ခံအိမ်တစ်လုံး၌ ၀ရမ်းထုတ်ဖမ်းဆီးခဲ့ပြီး ဘတ် ၅၆ သန်းဖိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ခလောင်းနျူအန်းရပ်ရှိ နေအိမ်တွင် အသက် ၃၀ အရွယ် သာဝီဆက်ခ်အမည်ရ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိပြီး ၎င်းသည် ယင်းဝက်ဘ်ဆိုက်တွင် လောင်းကစားမှုများအတွက် ငွေပေး၊ ငွေထုတ် မှုများအား လုပ်ဆောင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
လွန်ခဲ့သည့် ၂ နှစ်ကတည်းက ယင်းဝက်ဘ်ဆိုက်ကို ထူထောင်ခဲ့ရာမှ ၎င်းအမျိုးသားသည် ငွေကြေးများစွာ ကြွယ်၀နေကာ ဘတ် ၅ သန်းတန် Mercedes-Benz CLS53 ကားတစ်စီး၊ ဘတ် ၁၀ သန်းတန် BMW M4 ကားတစ်စီး၊ ငွေသား ဘတ် ၂၈ သန်း၊ တန်ဖိုးကြီးနာရီများ၊ နာမည်ကြီးအမှတ် တံဆိပ် ကုန်ပစ္စည်းများ စုစုပေါင်းတန်ကြေး ၅၆ သန်းဖိုးကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
၎င်းနေထိုင်လုပ်ကိုင်ရာ နေအိမ်နှင့်မြေတန်ကြေးသည် ဘတ် ၇ သန်းတန်ကာ ယင်းဝက်ဘ်ဆိုက် ပလက်ဖောင်းမှ လောင်းကစားလုပ်ကြသူပေါင်းလစဉ် ၃၀၀၀ ကျော်ရှိကြောင်း၊ ပြီးခဲ့သည့် ၆ လ ဆက်တိုက် ယင်းလောင်းကစားဝက်ဘ်ဆိုက်မှ အမြတ်ငွေထုတ်ယူနိုင်မှုမှာ တစ်လလျှင် ဘတ် သန်း ၂၀ ရှိကြောင်း သိရသည်။
ငွေထုတ်ယူမှုကို ATMs စက်များမှ ည ၁၀ နာရီနှင့် နံနက် ၅ နာရီ အချိန်များတွင် သွား ရောက်ထုတ်ယူလေ့ရှိကြောင်း၊ ဆက်လက်စုံစမ်းမှုများပြုလုပ်ပြီးလျှင် သိမ်းဆည်းရမည့် အရေအတွက် များထပ်တိုးလာနိုင်ကာ ဘတ် သန်း ၇၀ ဖိုးအထိ သိမ်းဆည်းမိနိုင်ကြောင်း ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့ ရဲမှူး ချက်ပန်သာခန်းက ရှင်းလင်းပြောဆိုခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#အွန်လိုင်းလောင်းကစား
#ဆိုက်ဘာရဲတပ်ဖွဲ့
#လောင်းကစား








