မဲခေါင်၊ ဩဂုတ် ၇
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲများတွင် ကမ္ဘောဒီးယား အသုံးပြုနေသော ဒရုန်းများကို တရုတ်က ပေးထားပြီး ထိုင်းစစ်တပ်ကို ဂျပန်မှ ဒရုန်းများပေးထားသည်ဟု သတင်းများထွက်ပေါ်လာရာ သက်ဆိုင်ရာ နိုင်ငံသံရုံးများမှ အသီးသီး ငြင်းချက်ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အငြင်းပွားနယ်စပ်ဒေသများ၌ အပစ်အခတ်ရပ်စဲထားသော်လည်း ကင်းထောက် ဒရုန်းများစွာ အပြန်အလှန်လွှတ်တင်နေကာ ထိုင်းအစိုးရက ဒရုန်းအများစုသည် ကမ္ဘောဒီးယားဘက်မှ လွှတ်တင်နေခြင်းဖြစ်သည်ဟု ဩဂုတ် ၅ ရက်တွင် စွပ်စွဲခဲ့သည်။
ထိုင်းရှိ တရုတ်သံရုံးက တရုတ်သည် ကမ္ဘောဒီးယားအား ဒရုန်းများ ပေးလှူထားသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း၊ ယင်းသတင်းတွင်ပါရှိသည့် ဒရုန်းပုံရိပ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သော တရုတ်အမျိုးသားလေကြောင်းနည်းပညာ သွင်းကုန်ပို့ကုန် ပူးပေါင်းကုန်စည်ပြပွဲကာလက ဒရုန်းပုံရိပ်သာဖြစ်ကာ တရုတ်နိုင်ငံသည် ထိုင်းနှင့်ကမ္ဘောဒီးယား ပဋိပက္ခများအား သံတမန်နည်းအဖြင့် ဖြေရှင်းကာ တင်းမာမှုလျော့ချပြီး ငြိမ်းချမ်းရေးကို လိုလားသဖြင့် ကြားဝင် ကူညီဆောင်ရွက်နေကြောင်း ထုတ်ပြန်သွားခဲ့သည်။
တစ်ဖန် ကမ္ဘောဒီးယားရှိ သတင်းများတွင် ဂျပန်သည် ထိုင်းစစ်တပ်အား တိုက်ခိုက်ရေးဒရုန်းများ ထောက်ပံ့ပေးရန် စီမံနေသည်ဆိုသော သတင်းကို ဖနွမ်ပင်ရှိ ဂျပန်သံရုံးကလည်း မဟုတ်မှန်ကြောင်း ငြင်းချက်ထုတ်ပြန်ခဲ့သည်။
ဩဂုတ် ၆ ရက်တွင် ဂျပန်သံရုံးက မိမိတို့နိုင်ငံ မူဝါဒအရ ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကင်းထောက်ရေး၊ မိုင်းရှင်းလင်းရေးများအတွက်သာ ကာကွယ်ရေးပစ္စည်းများကို တပ်ပို့ခွင့်ပြုထားကြောင်း၊ မည်သည့် နိုင်ငံချင်းပဋိပက္ခတွင်မှ ပါဝင်ခြင်းမရှိစေရဟု ပြဌာန်းထား သည့်အတွက် ထိုင်းအား တိုက်ခိုက်ရေးဒရုန်းများ ပေးမည်ဆိုသောသတင်းမှာ သတင်းမှားသာဖြစ်သည်ဟု ငြင်းချက်ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: phnompenhpost&Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#ဒရုန်း
#ဂျပန်
#ငြင်းချက်ထုတ်








