မဲခေါင်၊ သြဂုတ် ၄
ရှမ်းပြည်မြောက်ပိုင်းမှ MNDAA ထိန်းချုပ်ထားသည့် သိန္နီသည် မြန်မာ-တရုတ်(ယူနန်)ကုန်သွယ်မှုလမ်းကြောင်း ၏ ဗဟိုချက်အဖြစ် အရေးပါသည့် ဖြန့်ဖြူးရေးစင်တာတစ်ခုသာမက နယ်စပ်နှစ်ခုဆုံရာ အဓိက ဆက်သွယ်ရေး ဗဟိုချက်လည်း ဖြစ်သည်ဟု ကိုးကန့်သတင်းကွန်ရက်က ယနေ့ သြဂုတ်လ ၄ ရက်နေ့ သတင်းစဥ်တွင် ဖော်ပြလာသည်။
ယင်းလမ်းကြောင်းသည် တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်သည့် အဓိကကုန်စည် ဝင်ထွက်ရာ နယ်စပ်နှစ်ခုဖြစ်သည့် မူဆယ်နှင့် ချင်းရွှေဟော် တို့ကို ဆက်သွယ်ပေးထားပြီး အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်ချိန်မှ နေ့ညမပြတ် အသွားအလာရှိနေကာ ကုန်သွယ်မှု ဗဟိုချက်အဖြစ် ဆက်လက် အားကောင်းလာသည်ဟု ကိုးကန့် သတင်းစဥ်က ဆိုသည်။
ကုန်စည်ပို့ဆောင်မှု ပမာဏအနေဖြင့် သိန္နီမှတဆင့် တရုတ်ပြည်သို့ တင်ပို့သည့် စပါး၊ ပဲမျိုးစုံ အစရှိသော စိုက်ပျိုးထုတ်ကုန်များနှင့် တိရစ္ဆာန်အနည်းငယ်ကို သယ်ဆောင်သည့် ယာဉ်များမှာ လစဉ်အကြိမ်ရေ ထောင်နှင့်ချီ၍ ရှိပြီး တရုတ်မှ တင်သွင်းလာသော နေ့စဉ်သုံးကုန်စည်များ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို သယ်ဆောင်သည့် ယာဉ်များမှာလည်း လစဉ်အကြိမ်ရေ ၂၀၀ မှ ၃၀၀ အထိ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လျက်ရှိသည် ဟု ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ကုန်စည်အမျိုးအစားတင်သွင်းကုန်များမှာ နေ့စဉ်သုံးကုန်စည်များ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ အဓိကဖြစ်ပြီး တင်ပို့ကုန်များမှာ နွားများကဲ့သို့သော တိရစ္ဆာန်အနည်းငယ် နှင့် ပြောင်း၊ စပါး၊ ပဲမျိုးစုံ အစရှိသော စိုက်ပျိုးထုတ်ကုန်များ အဓိကဖြစ်သည်ဟု ဆိုသည်။
ကုန်စည်စီးဆင်းမှုလားရာအနေဖြင့် တင်ပို့ကုန်များသည် အဓိကအားဖြင့် မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံ ရွှေလီမြို့(သို့မဟုတ်) ချင်းရွှေဟော်နယ်စပ်မှတဆင့် တရုတ်နိုင်ငံ လင်းချန်းသို့ ဝင်ရောက်ပြီး တင်သွင်းကုန်များမှာ တောင်ဘက်သို့ ဦးတည်ကာ မြန်မာနိုင်ငံအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချသည်ဟု သိရသည်။
ယင်းလမ်းကြောင်းပေါ်တွင် စစ်ဆေးရေးဂိတ်စခန်း ၆ ခုကို ဖွင့်လှစ်ထားကာ လက်ရှိတွင် ဂိတ်စခန်းအားလုံးသည် ၂၄ နာရီ နေ့ညမပြတ် ဝင်ထွက်သွားလာနိုင်ရန် ပြန်လည်ဖွင့်လှစ်ထားသည် ဟု သိရသည်။
MNDAA ဘဏ္ဍာရေးဌာန၏ အခွန်ဦးစီးဌာန သိန္နီစခန်း ဒုတိယစခန်းမှူး Mr. Si Cong Neng က ဒေသ၏ အခြေအနေများ ဆက်လက်တိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ် ၂ ခုကို ဆက်သွယ်ထားသည့် သဘာဝပထဝီဝင် အားသာချက်ကြောင့် သိန္နီခရိုင်သည် အဓိက ကုန်စည်ပို့ဆောင်ရေး ဆုံမှတ်အဖြစ် ပို၍ ထင်ရှားလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
သိန္နီမြို့တွင် လွန်ခဲ့သည့် ၂ လ၊ ၃ လခန့်ကတည်းက တရုတ်လုပ်ငန်းရှင်များ မြေများ၊ အိမ်များ ငှားရမ်းမှုများပြားနေပြီး ဈေးကောင်းပေးကာ ငှားရမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ယခုလအတွင်း သိန္နီကို တရုတ်ဖိအားကြောင့် လားရှိုးကဲ့သို့ စစ်ကောင်စီထံပြန်လည်ပေးအပ်ရမည့်သတင်းများ ထွက်ပေါ်နေသော်လည်း MNDAA က သိန္နီကို စီးပွားရေးအချက်အချာအဖြစ် တည်ဆောက်နေပြီး သိန္နီကို စစ်ကောင်စီက MNDAA ၏ လောက်ကိုင်၊ ကုန်ကြမ်းမြို့များကဲ့သို့ပင် စစ်အုပ်ချုပ်ရေး သတ်မှတ်ထားသည်။
Photo – MNDAA
မဟာ
#MeKongNews
#သိန္နီ
#ကိုးကန့်တပ်ဖွဲ့
#ကုန်သွယ်ရေး
#ဗဟိုချက်
#MNDAA








