မဲခေါင်၊ သြဂုတ် ၁
ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သက်တမ်းရင့် ညောင်ပင်ကြီး အနီးနားရှိ အိမ်ပေါ်သို့ ကျိုးကြသဖြင့် ကလေးငယ်တစ်ဦး သေဆုံးပြီး မိဘ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်နှင့် လူမှုကူညီသူများထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၃၁ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ် ၃ ရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အနောက်ဘက် ဝါးတောလမ်းရှိ နတ်စင်ရှိရာ လုံးပတ်၁၀ပေခန့်ရှိသော ညောင်ပင်သည် လူနေအိမ်ပေါ်သို့ လဲကျခဲ့ပြီး နေအိမ်တွင်ရှိသည့် မိသားစုထဲမှ ကလေးငယ်တစ်ဦး သေဆုံးကာ မိဘ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဌာနက သတင်းထုတ်ပြန်သည်။
“အိမ်ပေါ်ကျိုးကျလို့ တစ်နှစ်နှင့် လေးလအရွယ် ကလေးငယ် သေဆုံးတယ်။ ကလေးအဖေက လက်ကျိုးတယ်။ အမေက ခေါင်းထိတယ်။ ဒါပေမယ့် မစိုးရိမ်ရပါဘူး” ဟု ပင်လုံဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
သေဆုံး ဒဏ်ရာရ မိသားစုကို မီးသတ်က ရှင်းလင်းကယ်ဆယ် သယ်ထုတ်ပြီး ပင်လုံ မြတ်နှလုံးသား လူမှုကူညီရေးအသင်းက ဆေးရုံသို့ ကူညီပို့ဆောင်ခဲ့ကြောင်းနှင့် ယနေ့ သြဂုတ်လ ၁ ရက်တွင် မီးသတ်က ညောင်ပင်ပြိုကို ရှင်းလင်းနေကြောင်း သိရသည်။
#MeKongNews
#ရှမ်းပြည်တောင်ပိုင်း
#ပင်လုံ
#ညောင်ပင်ကျိုးကျ
#လူသေဆုံး








