မဲခေါင်၊ ဇူလိုင် ၃၀
ရှမ်းပြည်အရှေ့ပိုင်း ခရိုင်ချင်းဆက်လမ်းဖြစ်သည့် မိုင်းဆတ်-မိုင်းတုံသွားကားလမ်းပေါ်ရှိ တံတား ၂ စင်း ရေတိုက်စား၍ ပျက်စီးနေကြောင်း ဒေသခံများထံက သိရသည်။
မိုင်းဆတ်မှ မိုင်းတုံသွားကားလမ်း၊ မိုင်းတုံဘက်ခြမ်းရှိ ၁၀ မိုင်နှင့် ၉ မိုင် တံတားများ ရေတိုက်စား၍ တံတားများ ချို့ယွင်းပျက်စီးသဖြင့် ကားအသွားအလာများ ယနေ့ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းအထိ ရပ်တန့်နေကြကြောင်း သိရသည်။
“တောင်ပေါ်မှာ ရွာတဲ့မိုးရေက ချောင်းထဲကို ၄၊ ၅ နာရီ လောက်မှ ထိုးကျတာ။ မိုးတိတ်ပေမယ့် ရေကျလာတာ” ဟု ခရီးသွား တစ်ဦးက မဲခေါင်ကို ပြောသည်။
၁၀ မိုင်တံတားမှာ ချဥ်းကပ်လမ်းနှစ်ဘက်လုံး ရေတိုက်စားခံခဲ့ရပြီး ၉ မိုင်တံတားမှာ အောက်ခြေပိုင်း ပျက်စီးသွားကြောင်း သိရသည်။
မိုင်းဆတ်နှင့် မိုင်းတုံမှာ ၄၂ မိုင်ကွာဝေးပြီး ကွင်းလမ်းမရှိသည့်အတွက် တံတားများပျက်စီးပါက အသွားအလာများရပ်ဆိုင်းပြီး ကုန်စည်များလည်း ပို့ဆောင်၍မရတော့ချေ။
မိုင်းတုံမြို့တွင် မီးသတ်တံတား ချဥ်းကပ်လမ်းပြင်ဆင်နေသော်လည်း အခိုင်အမာမဟုတ်သဖြင့် ကုန်ကားကြီးများ ကန့်သတ်ချက်ဖြင့်သာ သွားလာနိုင်သေးကြောင်း သိရသည်။
မိုင်းတုံ-တာဆန်း ကြားရှိ မုန်တိုင်လေးတွင် တောင်ကမ္ဘားယံပြိုပြီး ရွှေမျက်မှန်တွင် လမ်းပြင်ထားသည့် မြေသားများမိုးရေကြောင့်အရည်ပျော်ကာ ရွှံများဖြစ်သွားပြီး ကားသွားလာရန် ခက်ခဲနေကြောင်း၊ အထူးဂရုစိုက်မောင်းနှင်နေရကာ ခရီးသည်များ လမ်းဆင်းလျှောက်၍ တောင်တက်ရခြင်း၊ ကားကို ရှေ့မှ ကြိုးဖြင့်ဆွဲ၊ နောက်မှ လူဖြင့်တွန်းတင်ရခြင်းများ ပြုလုပ်နေကြရကြောင်း သိရသည်။
မိုင်းဆတ်၊ မိုင်းတုံမြို့များသည် ပြည်ပကုန်ကို တာချီလိတ်နှင့် ပြည်တွင်းကုန်ကို တောင်ကြီးဘက်မှ ရယူသုံးစွဲနေသည့် ဒေသများဖြစ်သည့်အတွက် ယခုလို လမ်းတံတားများ ချို့ယွင်းနေချိန်တွင် အခက်အခဲများ ကြုံတွေ့နေကြရကြောင်း သိရသည်။
#MeKongNews
#ရှမ်းအရှေ့
#မိုင်းတုံ
#မိုင်းဆတ်
#တံတားပျက်စီး








