မဲခေါင်၊ ဇူလိုင် ၂၉
မူဆယ်မြို့၊ နယ်စပ်ဒေသမှ တရုတ်နိုင်ငံအတွင်းသို့ လာရောက်လုပ်ကိုင်ကြမည့်သူများ၏ အသက်အရွယ်ကို လာမည့် ဩဂုတ်လမှ စတင်ကာ ကန့်သတ်ရန် တရုတ်ဖက်မှ စီစဉ်နေကြောင်း နယ်စပ်အလုပ်သမားရှာဖွေပေးရေး အေဂျင့်စီများက ဆိုသည်။
တရုတ်နိုင်ငံသို့ နယ်စပ်မှ သွားရောက်ကာ အလုပ်လုပ်ကိုင်လိုပါက အမျိုးသမီးဖြစ်လျှင် အသက် ၂၇ မှ ၃၅ နှစ်အတွင်း၊ အမျိုးသားဖြစ်ပါက ၃၅ နှစ်မှ ၃၇ နှစ်အတွင်းရှိ သူများကိုသာ ဝင်ခွင့်ပြု လက်ခံရန် စီစဉ်နေခြင်းဖြစ်ကြောင်း မူဆယ်-ရွှေလီအခြေစိုက် အလုပ်သမားရှာဖွေရေး အေဂျင်စီတချို့က ပြောသည်။
“ဝင်ခွင့်တွေ ပိတ်မယ်ပေါ့။ ဒီလိုလေး ပြောင်းလဲဖို့တော့ ရှိတယ်။ အတည်ပြုမယ် မပြုဘူးက စောင့်ကြည့်ရမယ်။အတည်ပြုဖြစ်ဖို့ကလည်း များတယ်” ဟု အလုပ်သမားရေးရာနှင့် ပတ်သက်၍ အစည်းအဝေးကို တက်ရောက်ခဲ့သည့် ရွှေလီအခြေစိုက် အေဂျင့်တစ်ဦးက ပြောဆိုထားသည်။
ထိုကြောင့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံတွင်းသို့ သွားရောက်လိုသူများအနေနှင့် ဩဂုတ်လမတိုင်မှီ စောလျှင်စွာ ဝင်ရောက်ကြရန်လည်း အေဂျင်စီတစ်ခုက တိုက်တွန်းထားသည်။
ယခင်က အမျိုးသားဆိုလျှင် အသက် ၃၅ နှစ်အထက်၊ အမျိုးသမီးဆိုပါက ၂၇ နှစ်အထက် မည်သူကိုမဆို တရုတ်နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုထားရာမှ ယခုကဲ့သို့ စီစဉ်လာခြင်းဖြစ်သည်။
တရုတ်သည် ယခင်ကတည်းက စစ်ကောင်စီ ချမှတ်ထားသော ပြည်ပထွက်ခွင့် ကန့်သတ်ထားသည့် အသက်အရွယ်ဖြစ်သည့် အမျိုးသား အသက် ၂၀ မှ ၃၅၊ အမျိုးသမီး အသက် ၂၀ မှ ၂၇ အတွင်းကိုသာ ဝင်ရောက်အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေရလမ်း လျော့ကျနေရာ နယ်စပ်ဒေသမှ တဆင့် တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ များပြားလာနေပြီး မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် ၇ ရက်ကတ်၊ တစ်နှစ်နေထိုင်ခွင့် ရှိသည့် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နီတို့ပြုလုပ်ကာ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည်။
ဖေသန်း
#MeKongNews
#တရုတ်နိုင်ငံ
#နယ်စပ်ဖြတ်ကျော်ခွင့်
#အလုပ်အကိုင်
#စစ်မှုထမ်းဥပဒေ








