မဲခေါင်၊ ဇူလိုင် ၂၅
စစ်ကောင်စီကို ခုခံတော်လှန်နေသည့် ပျားစစ်ကြောင်းမှ အိုက်ဖား ဆိုသူ တပ်ဖွဲ့ဝင်တစ်ဦးသည် PNO ပြည်သူ့စစ်ထံသို့ ဘက်ပြောင်း ထွက်ပြေးသွားရာ PNO က ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးသဖြင့် အောင်ပန်းဆေးရုံတွင် အရေးပေါ် တက်ရောက်ကုသနေရကြောင်း တော်လှန်ရေးအသိုင်းအဝိုင်းမှ သိရသည်။
အိုက်ဖားကို တစ်လလျင် လစာ ၁၀ သိန်းကျပ်ပေးမည်ဟူ၍ PNO ရပ်ကျေးတာဝန်ခံ ဦးမောင်ဝင်း ဆိုသူက ဖြားယောင်း သွေးးဆောင်ခေါ်ယူခဲ့သဖြင့် ဇွန်လအတွင်းက ပျားစစ်ကြောင်းမှ သစ္စာဖောက် ထွက်ပြေးကာ PNO အဖွဲ့ထံ ပူးပေါင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ အိုက်ဖားမှာ မူလက PNO ဘက်မှ ဖြစ်ပြီး တော်လှန်ရေးဘက်ပူးပေါင်းလာသူ ဖြစ်ပြီး ယခုအခါ PNO ဘက်သို့ ပြန်ရောက်သွားခြင်းဖြစ်ကြောင်း တော်လှန်ရေးထောက်ပို့တစ်ဦးက ပြောသည်။
“သူကိုင်တဲ့ တစ်လက်ပါသွားတယ်။ ကျန်တာ အများကြီး မပါဘူး” ဟု ၎င်းက မဲခေါင်ကို ဇူလိုင် ၂၄ ရက်နေ့တွင် ပြောသည်။
ယင်း အိုက်ဖား သည် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ပိုင်းမှ နန့်ဖာမူရွာသား တစ်ဦးဖြစ်ပြီး ၎င်းကို ဖယ်ခုံအင်း အရှေ့ဖက်ကမ်းအထိ လာရောက်ခေါ်ဆောင်ကြိုဆိုသူမှာလည်း နန်းဖာမူရွာ PNO ရပ်ကျေးတာဝန်ခံ ဦးမောင်ဝင်းပင်ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ပျားစစ်ကြောင်းသို့ မေးမြန်းနေဆဲဖြစ်ပြီး ပျားစစ်ကြောင်းကမူ မည့်သည့်ထုတ်ပြန်ချက်မှ မရှိပေ။
ယင်းနယ်မြေအတွင်း ပူးပေါင်းစစ်ဆင်ရေးပြုလုပ်နေသည့် အမှတ် – ၁၀၀၉ IPDF ပြန်ကြားရေးကမူ ယင်းကိစ္စ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။
“အဲကောင်ကြောင့် တပ်တွေရဲ့ လဝ(လျှို့ဝှက်ချက်)တွေ အများကြီးထိခိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
သစ္စာဖောက်သွားသည့် အိုက်ဖားကြောင့် တော်လှန်ရေးတပ်များ၏ လျို့ဝှက်ချက်အချို့ ပေါက်ကြားနိုင်သဖြင့် တပ်များ အထူးသတိထားရန် လိုအပ်ကြောင်း တော်လှန်ရေးတပ်များအကြား သတိပေးထားသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များကို ဖယ်ခုံအရှေ့ဖက်ကမ်း၌ Pekhon-PDF၊ ပျားစစ်ကြောင်း၊ အမှတ် ၁၀၀၆၊ ၁၀၀၈ PDF၊ အမှတ် ၁၀၀၉ IPDF တပ်ဖွဲ့များက ပူးပေါင်း ခုခံ တော်လှန်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းမှ ဖယ်ခုံမြောက်ဘက် အစွန်၊ လုံကာဘုရားကုန်းဘက်သို့ စစ်ရှောင်လာသူ ၂၀၀ ကျော်ကို စစ်တပ်က ထိန်းသိမ်းထားပြီး မြို့ထဲ၌ နေထိုင်ခွင့် ပြုထားသော်လည်း မြို့ပြင်ထွက်ခွင့် သုံးလ ပိတ်ထားကြောင်းသိရသဖြင့် စစ်ရှောင်များ ဒုက္ခရောက်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် ဖယ်ခုံအင်း အရှေ့ဖက်ကမ်းမှာ ပြည်သူများ ရာနဲ့ချီ ပိတ်မိနေသေးပြီး တစုံတရာကြောင့် ထိခိုက်ဒဏ်ရာရရှိပါက ဆေးကုသရန် မလွယ်ကူဖြစ်နေကာ ဆေးဝါးများပြတ်လပ်နေသလို ကူညီရေး ဆေးအဖွဲ့များပါ မရှိတော့ကြောင်း သိရသည်။
မဟာ
#MeKongNews
#ပျားစစ်ကြောင်း
#PNO
#အိုက်ဖား
#နန့်ဖာမူရွာသား
ပုံအညွှန်း – သင်တန်းဆင်းနေသည့် ပျားစစ်ကြောင်း တပ်ဖွဲ့ဝင်များ (ပုံဟောင်း)








