မဲခေါင်၊ ဇူလိုင် ၂၄
ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အရေးယူအပြစ်ပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း သိရပြီး ၎င်းကိစ္စအား စုံစမ်းဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း SSPP Info က ဇူလိုင် ၂၂ရက်တွင် ဖော်ပြလာသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးဟွမ်တိုက်နယ်၊ မန်ဝိန်းကျေးရွာတွင် SSPP၏ ကားဘီးရွှံထဲနစ်နေသည်ကို ကူညီခဲ့သည့် မန်ဝိန်းရွာသားစိုင်းဆမ်ထွန်း ၃၀နှစ်ဆိုသူကို ကားနှင့်လိုက်ခဲ့ရန်အတင်းအဓမ္မခေါ်ဆောင်ရာမှ ကားပေါ်က ခုန်ချထွက်ပြေးသည် အကြောင်းပြ၍ SSPP အမှတ်- ၁၈၀ တပ်ရင်းမှူး စိုင်းစိန္နဆိုသူက သေနတ်ဖြင့် ၂ချက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့စစ်ပြေးလာဖမ်းပြီး အပြန်မှာ ဖြစ်တာတဲ့။ ရင်ဘတ်တစ်ချက်၊ ခေါင်းတစ်ချက်ထိတာ။ အဲတာကိုရွာသားတွေက မကျေနပ်လို့ တောင်းဆိုတာ၊ SSPP က လာရှင်းပေမယ့် လူသတ်တရားခံကို အရေးမယူလို့ မကျေနပ်ကြဘူး” ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
ယင်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် SSPP ၏ ပန်ဆိုင်းမြို့ဘက်မှ တာဝန်ရှိသူ ၃ဦးက မန်ဝိန်းကျေးရွာ စာသင်ကျောင်းသို့ လာရောက်ပြီး သံဃာတော်များ၊ ကျေးရွာရပ်မိရပ်ဖနှင့် ရွာသားများ စုစုပေါင်း ၂၀၀ကျော်ကို တွေ့ဆုံခဲ့သော်လည်း ဒေသခံများ ကျေနပ်မှုမရှိကြကြောင်း သိရသည်။
ယင်းကိစ္စကို SSPP ထိပ်ပိုင်းခေါင်းဆောင်များ သိရှိထားပြီးကို စုံစမ်းဖော်ထုတ်ရန် SSPP ဌာနချုပ်မှ သက်ဆိုင်ရာ တပ်ရင်းများသို့ ညွှန်ကြားထားကြောင်း SSPP Info တွင်ရှမ်းဘာသာဖြင့် ဖော်ပြထားသည်။
ပြဿနာပေါ် မူတည်၍ စုံစမ်းစစ်ဆေးမှု ရလာဒ်အတိုင်း ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အပြစ်ပေး အရေးယူမှုများ ဆက်လက်လုပ်ဆောင်ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း SSPP ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သူ စိုင်းဆမ်းထွန်းသည် မူးယစ်ဆေးဝါး သုံးစွဲသူလည်း မဟုတ်ဘဲ နွားကျောင်းကာ သမ္မာအာဇီဝ လုပ်ကိုင်စားသောက်သူနေသူတစ်ဦးသာဖြစ်ပြီး လက်ရှိတွင် ဇနီးနှင့် သားသမီး၃ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
မဟာ
#MeKongNews
#SSPP
#မန်ဝိန်းကျေးရွာ
#ပစ်သတ်
#တပ်ရင်းမှူး








