မဲခေါင်၊ ဇူလိုင် ၂၂
ဖုန်းနံပါတ်ကို စစ်ဆေးရုံဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်မှု ရှိ၊ မရှိ Kwin Scam Alert အမည်ရှိ Application ကို ပြည်သူဘက်တော်သားများက ဖြန့်ချိပေးထားကြောင်း သိရသည်။
Kwin Scam Alert App ကို ၂၀၂၂ ခုနှစ်ကတည်းက ဖန်တီးထားခြင်း ဖြစ်ပြီး အွန်လိုင်းတွင် လိမ်လည်သည့် လုပ်ငန်းများ ဟုတ်၊ မဟုတ်ကို ဖော်ပြထားသည့် ဖုန်းနံပါတ်များကို Kwin Scam Alert App ပေါ်တွင် ရိုက်ထည့်ရုံဖြင့် စစ်ဆေးအတည်ပြုနိုင်မည် ဖြစ်သလို အလိမ်ခံရသူများအနေနှင့်လည်း သတ်မှတ်ချက်များနှင့်အညီ သတင်းပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။
“ငွေလွဲခိုင်းတဲ့ ဖုန်းနံပါတ်တွေကို Kwin app ထဲမှာ ဝင်စစ်လိုက်ရုံနဲ့ အလိမ်ခံရမှုကနေ ရှောင်ရှားနိုင်တယ်။ လိမ်လည်မူတွေကိုလည်း Kwin app ထဲမှာ စစ်ဆေးနိုင်တယ်” ဟု သုံးစွဲသူတစ်ဦးက social ပေါ်တွင် မျှဝေထားသည်။
အွန်လိုင်းလိမ်လည်မှုအဖြစ် အွန်လိုင်းလောင်းကစား app များ၊ အွန်လိုင်းငွေချေးလုပ်ငန်း နှင့် ငွေတု ရောင်းဝယ်ရေးလုပ်ငန်းများကို သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။
ယခုအခါ Kwin Scam Alert app version 1.5.9 ကို play store ပေါ်တွင် ရရှိနေပြီ ဖြစ်ကာ စစ်တပ်လက်အောက် (သို့) ဆက်နွယ်နေသော မည်သည့်ငွေကြေးအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်း၊ မည်သည့် အွန်လိုင်းငွေချေမှုလုပ်ငန်း၊ ဘဏ်လုပ်ငန်းများနှင့် ပတ်သက်ခြင်း မရှိဟု ဖော်ပြထားသည်။
Kwin Scam Alert app ကို ပြည်သူ့ဘက်တော်သားများမှ အများပြည်သူ အွန်လိုင်း ငွေကြေးလိမ်လည်မှုမှ ကာကွယ်ပေးရန် ထုတ်လုပ်ထားသည် ဟု ဆိုသည်။
Application ကို သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလတ်များကိုလည်း ရယူထားခြင်း မရှိသလို တခြား third party များကိုလည်း Scam Case များကို ရှယ်ပေးမည် မဟုတ်ဟု ဆိုသည်။
လိမ်လည်ခံရသည့် မှတ်တမ်း၊ အကောင့်များနှင့် အချက်အလတ်များ ဖော်ပြပေးရန် ဖြစ်ပြီး လိမ်လည်ငွေ ပြန်လည်ရရှိရန် မလုပ်ဆောင်ပေးနိုင်ကြောင်း အသိပေးထားပြီး သတင်းပေးပို့ချက်ကိုသာ လက်ခံရယူထားသည်ဟု ဆိုသည်။
ဖေသန်း
#MeKongNews
#အွန်လိုင်းငွေလိမ်လုပ်ငန်း
#KwinScanAlert
#ဖုန်းနံပတ်
#လိမ်လည်မှု








