မဲခေါင်၊ ဇူလိုင် ၁၇
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က နိုင်ငံအတွင်း များစွာစိမ့်ဝင်လာသော ကျားဖြန့်လုပ်ငန်းများကို အဆင့်မြှင့်တိုက်ဖျက်သွားရန် ဇူလိုင် ၁၅ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။
နိုင်ငံတကာ NGOs များနှင့် ကုလသမဂ္ဂ မူးယစ်ဆေးနှင့်ရာဇဝတ်ရုံး (UNODC) တို့မှ ကမ္ဘောဒီးယား သည် ထိုင်းကဲ့သို့ပင် အာရှ၌ ကျားဖြန့်လုပ်ငန်းများလုပ်ဆောင်ရာ ဗဟိုချက်ဖြစ်လာနေသည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ပြည်တွင်းနှင့် ဒေသတွင်း ဆိုးကျိုးများစွာပေးနေသည့် ယင်းလုပ်ငန်းများကို သက်ဆိုင်ရာ ခရိုင်၊ မြို့တော်ဝန်များကိုယ်တိုင် ကိုယ့်ဒေသကိုယ်တာဝန်ယူကာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့စုံ၊ ရဲတပ်ဖွဲ့စုံ၊ နယ်ခြားစောင့်တပ် အားလုံးပါဝင်ပြီး လိုအပ်ပါက ဥပဒေသစ်များပင် ချက်ချင်းထုတ်ပြန်ကာ ဖမ်းဆီးအရေးယူ၊ နေရပ်ပြန်ပို့မှုများ လုပ်ဆောင်သွားရမည်ဟု ဟွမ်မာနက်က အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။
ဇူလိုင် ၁၆ ရက်တွင် သမ္မာဒါကွန်မြူးရပ်ရှိ ငှားရမ်းထားသော နေအိမ်တစ်အိမ်တွင် ကျားဖြန့်လုပ်ငန်း လုပ်နေသော တရုတ်၊ ဗီယက်နမ်၊ မြန်မာ (အမျိုးသမီး ၉ ဦးပါ) စုစုပေါင်း ၂၇ ယောက်ကို ဖမ်းဆီးခဲ့သလို ဘန်အေးမီးချေခရိုင်၊ ပွိုင်ပတ်မြို့ စတန်တန်ဂန်လမ်းပေါ်ရှိ ၃ ထပ်တိုက်ကိုလည်း ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျားဖြန့်လုပ်နေသော အမျိုးသမီး ၄၅ ယောက်ပါ အင်ဒိုနီးရှားသား ၂၇၁ ယောက်ကို ဖမ်းမိသလို ကျားဖြန့်လုပ်သည့် ကွန်ပျူတာ ၃၄၁ လုံး၊ မိုဘိုင်းဖုန်း ၃၅၂ လုံး သိမ်းဆည်းရမိခဲ့သည်။
ဇူလိုင် ၁၆ ရက်မှာပင် ကရာတီခရိုင် ဒွန်းအရပ်ရှိ ငှားထားသော အိမ်တစ်လုံး၌ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသော ဗီယက်နမ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ (အမျိုးသမီး ၅၆ ယောက်ပါ) စုစုပေါင်း ၃၁၂ ယောက်ကို ဖမ်းဆီးခဲ့သည်။ ကွန်ပျူတာ ၃၂၉ လုံးနှင့် မိုဘိုင်းဖုန်း ၁၆၃၀ လုံး ပါ သိမ်းဆည်းရမိခဲ့သည်။
ကိုကလင်း
Ref: BTV Cambodia
#MeKongNews
#ကျားဖြန့်
#ကမ္ဘောဒီးယား
#ဟွန်မာနက်
#ဖမ်းဆီး








