မဲခေါင်၊ ဇူလိုင် ၁၀
ထိုင်းနိုင်ငံအတွင်း ကျားဖြန့်လုပ် လိမ်လည်မှု၊ ငွေကြေး လွှဲပြောင်းစီးဆင်းခြင်းများနောက်လိုက်ပြီး Kok An ကျားဖြန့်ဒုစရိုက်ကွန်ရက်နှင့်ပတ်သက်သူများကို ဖမ်း၀ရမ်းထုတ်ကာ ဇူလိုင် ၈ ရက်နေ့က နေရာ ၁၉ နေရာတွင် ဝင်ရောက်စီးနင်းရာ မြန်မာ ၄ ယောက်အပါ ၁၇ ယောက် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း ဆိုက်ဘာရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွမ်ဆန်နှင့်အလွန်ရင်းနှီးကာ ကမ္ဘောဒီးယားနယ်စပ် Poipet ကာစီနိုမြို့တော်ရှိ ၂၅ ထပ်နှင့် ၁၈ ထပ် အဆောက်အအုံများတွင် ကျားဖြန် ငွေလွှဲလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသော Kok An ကွန်ရက်ကို ငွေလွှဲစာရင်းနောက်လိုက်ပြီး ဘန်ကောက်အပါ နေရာ ၁၉ နေရာသို့ ဖမ်း၀ရမ်းထုတ်ကာ စီးနင်းခဲ့ရာတွင် တရုတ် ၁၀ ယောက်၊ မြန်မာ ၄ ယောက်၊ ကမ္ဘောဒီးယား ၂ ယောက်၊ နိုင်ငံမဲ့ တစ်ယောက်ကို ဇူလိုင် ၈ ရက်၌ မိုဘိုင်းဖုန်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ငွေလွှဲသက်သေများဖြင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နည်းပညာ မှုခင်းနှိမ်နင်းရေးဌာနခွဲ (TCSD) သို့မဟုတ် ဆိုက်ဘာရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ထရိုင်ရွန်ဖိဝဖန်က ကြေညာသည်။
ထိုဖမ်းဆီးရမိသည့် သက်သေများမှ နောက်ထပ် ခြေရာခံကာ ဇူလိုင် ၉ ရက်၌ ဘန်ကောက်ပရာဝပ်အရပ် တစ်နေရာသို့ ဝင်ရောက်စီးနင်းရာတွင်မူ တရားခံသည် မီဒီယာသတင်း ကြိုတင်ပေါက်ကြားမှုကြောင့် ထွက်ပြေးတိမ်းရှောင် လွတ်မြောက်သွားကြောင်း၊ ဖမ်းဆီးရမိသည့် ၁၇ ယောက်စလုံးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကာ Kok An ကွန်ရက်နှင့်ပတ်သက်သော ကျားဖြန့်ငွေလိမ်မှုများထဲတွင် နာမည်ကြီးမော်ဒယ် ချာလော့တီအော်စတင် အမှု၊ ဘတ် သန်း ၃၀ လိမ်ခံရသော ဆရာဝန်တစ်ဦး အမှုများလည်း ပါဝင်ပတ်သက်နေသည်ဟု ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယား အစိုးရပင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲမှုများရှိသော ကျားဖြန့် ဗဟိုချက် Poipet တွင် အခြေချကာ ကျားဖြန့်လိမ်လည်ငွေများကို အလွှဲအပြောင်းလုပ်နေသည့် Kok An ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုနှင့်ပူးပေါင်းပြီး ထိုင်းနိုင်ငံပြင်ပ အနီရောင်သတိပေးချက်နှင့်အတူ ဖမ်း၀ရမ်းအား ရှေ့နေချုပ်ရုံးမှ ထုတ်ပေးနိုင်ရန်လည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) က စီစဉ်တင်ပြတော့မည်ဟုလည်း ရဲမှူးချုပ် ထရိုင်ရွန်ဖိဝဖန်က ရှင်းလင်းပြောဆိုခဲ့သည်။
ကိုကလင်း
Ref:The Nation
#MeKongNews
#ဟွမ်ဆန်
#ကျားဖြန့်
#မြန်မာနိုင်ငံသား
#ကော့အန်းဒုစရိုက်ဂိုဏ်း








