မဲခေါင်၊ ဇူလိုင် ၉
ကာစီနိုလုပ်ငန်းများ အခြေစိုက်ရာလာအိုနိုင်ငံ၊ ဗန်ပိလန်မြို့တွင် အဖမ်းအဆီး၊ အစစ်ဆေးများကာ ဇူလိုင်လ ၇ရက်က မြန်မာလူမျိုး ၁၀၀ ကျော်အဖမ်းခံရပြီး တာချီလိတ်မြို့သို့ ပြန်ပို့ခံရကြောင်း သွားရောက်အလုပ်လုပ်ကိုင်နေသူများထံမှ သိရသည်။
မြန်မာလူမျိုးအများဆုံး သွားရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေတြိဂံနယ်စပ်ရှိ လာအိုနိုင်ငံ၊ ဗန်ပိလန်သည် ကာစီနို၊လောင်းကစားလုပ်ငန်းများ အခြေစိုက်ရာနေရာ ဖြစ်သည်။
“လာအိုလာချင်တဲ့သူတွေ ကြည့်ထားနော်။ အကုန်လုံး ပိတ်နေတယ်။ ပွဲစားတွေက လိမ်ခေါ်နေတာ။ လူတွေလည်း မရှိတော့ဘူး။ ဖမ်းပြီး တာချီလိတ်ကို ပြန်ပို့နေတာ” ဟု လာအိုတွင် နေထိုင်လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
ကာစီနို၊ လောင်းကစားလုပ်ငန်းများဖြင့် ခရီးသွားများကို ဆွဲဆောင်နေသည့် ယင်းဒေသတွင် မြန်မာလူမျိုးအများအပြားသည် ဂိမ်းခုံများ၊ လောင်းကစားလုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်လုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ တွင် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း လာအိုရောက်မြန်မာများထံမှ သိရသည်။
လာအိုနိုင်ငံ၊ ဗန်ပိလန်သည် ပြီးခဲ့သည့်လမှစတင်ကာ အဖမ်းအဆီး၊ အစစ်ဆေး များပြားလာခြင်း ဖြစ်ကာ အဓိကမှာ တရုတ်လူမျိုးများကို စစ်ဆေးခြင်း ဖြစ်သော်လည်း မသင်္ကာလျှင် မြန်မာလူမျိုးများ နေထိုင်ရာ နေအိမ်၊ အဆောက်အဦးများထိ ဝင်ရာက်ရှာဖွေ စစ်ဆေးနေကြောင်း ကြုံတွေ့ရသူများက ဆိုသည်။
ကျားဖြန့်လုပ်ငန်းများကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် စစ်ဆေးကြပ်မတ်နေခြင်းဖြစ်သောကြောင့် ပြင်ပထွက် သွားလာသူ နည်းပါးလာ၍ အလုပ်အကိုင် လျော့ကျလာသည့်အတွက် မြန်မာလူမျိုးတချို့မှာ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာနေကြသည်။
တရုတ်သည် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် အာဆီယံနိုင်ငံများကို ဖိအားပေးနေပြီး မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းမှ တရုတ်လူမျိုး ၃၀၀၀၀ ကျော်ကို ရှာဖွေပေးရန် တောင်းဆိုထားသည် ဟုလည်း သတင်းများက ဖော်ပြထားသည်။
ဖေသန်း
#MeKongNews
#လာအိုနိုင်ငံ
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#မြန်မာလုပ်သား








