မဲခေါင်၊ ဇူလိုင် ၉
ပြင်သစ်နိုင်ငံ မာဆေးမြို့စွန်လက်စ်ပန်းနန့်မီယာဗျူတွင် ဇူလိုင် ၈ ရက် နေ့လည်ပိုင်းမှ စတင်လောင်ကျွမ်းနေသော တောမီးကြောင့် ဒဏ်ရာအနာတရဖြစ်သူ ပျမ်းမျှ ၁၁၀ ကျော်ရှိခဲ့ပြီး ပြင်သစ်နိုင်ငံ၏ စတုတ္ထအစည်ကားဆုံး မာဆေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ပင် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။
မီးခိုးလုံးများသည် မာဆေးမြို့လယ်အထိ မွှန်ထူပျံနှံနေသဖြင့် နေအိမ်အတွင်းမှ မထွက်ရန် တိုက်တွန်း မှာကြားထားသလို တစ်နာရီ ကီလိုမီတာ ၇၀ နှုန်းဖြင့်တိုက်ခတ်နေသော လေပြင်းကြောင့် တစ်ခဏ အတွင်းမှာပဲ ဧက ၈၆၀ ကျော် မီးလောင်သွားကာ မီးသတ်ယာဉ် ၂၃၀၊ လေယာဉ် ၅ စီး၊ ရဟတ်ယာဉ် ၄ စီး၊ မီးသတ် ၇၂၀၊ ရေအမြောက် ၂၃၀ ဖြင့် အင်အားသုံး ငြိမ်းသတ်နေသော်လည်း ဇူလိုင် ၉ ရက်အထိ မီးထိန်းနိုင်ခြင်းမရှိသေးသည့်အတွက် မာဆေးသို့ ဆိုက်ကပ်မည့် လေယာဉ်ခရီးစဉ်များသည် နိစ်၊ နီမက်စ်နှင့် အခြားသောဒေသတွင်း လေယာဉ်ကွင်းများတွင် ဆင်းသက်နေရသည်။
တောမီးသည် မာဆေးမြို့ မြောက်ပိုင်းဒေသအထိပါ ပျံနှံ့လောင်ကျွမ်းနေသဖြင့် အပူတပြင်း မီးငြိမ်းသတ်နေရမှု၌ မီးသတ်သမား ၉ ဦးပင် ဒဏ်ရာအနာတရ ဖြစ်ခဲ့ကာ တောမီးသည် နောက်ရက် အနည်းငယ်အထိ ဆက်လက်လောင်ကျွမ်းနိုင်သည်ဟု မြို့တော်ဝန် ဘီနွိုက်ပါယန်က ထုတ်ပြန်ကာ ညွှန်ကြားချက်မရမချင်း ပြည်သူများ နေအိမ်အတွင်း နေထိုင်ကြရန် ထပ်မံတိုက်တွန်းစကားဆိုသည်။
ပြင်သစ်တွင် ပူပြင်းသော ရာသီဥတုနှင့်လေပြင်းတိုက်ခြင်းကြောင့် နာဘွန်းမြို့အနီးတွင်လည်း တောမီး လောင်နေသေးပြီး မီးသတ်သမား ၁၀၀၀ ကျော်ဖြင့် ငြိမ်းသတ်နေရဆဲဖြစ်သည်။ပြင်သစ်နိုင်ငံတစ်ဝန်း ဇူလိုင် ၇ ရက်မွန်းလွဲပိုင်းမှ စတင်လောင်ကျွမ်းသော တောမီးများကြောင့် ဧက ၄၉၀၀ ကျော် မီးလောင် ကျွမ်းခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပြင်သစ်
#တောမီး
#မာဆေးမြို့
#ဥရောပ








