မဲခေါင်၊ ဇူလိုင်၄
မိုးရွာသွန်းမှု များပြားသည့်အတွက် ရေကြီးကာ MNDAA ထိန်းချုပ်ရာ ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် ရေလှောင်ကန်တစ်ခုပြိုကျလာသည့် ရေအရှိန်ဖြင့် မျောပါကာ လူ ၃ ဦး ရေနစ်သေဆုံးရကြောင်း ဒေသခံများထံက သိရသည်။
ဇူလိုင် ၃ ရက်တွင် အထူးဒေသ – ၁၊ လောက်ကိုင်မြို့နယ်ရှိ ပေါင်ပေါင်ကျေးရွာနှင့် ရှီးကျေးရွာများ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားသည့် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး မြစ်ကမ်းနံဘေးရှိ မြေနိမ့်ပိုင်းနေရာတွင် တည်ဆောက်ထားသော မီးဖိုချောင်တစ်ခု ပြိုကျခဲ့ရာ လယ်သမား ဇနီးမောင်နှံ ၂ ဦးနှင့် မြေးဖြစ်သူ ၈ နှစ်အရွယ်ကလေး အပါအဝင် သုံးဦးစလုံး ရေနစ်မြုပ်သေဆုံးသွားခဲ့ရသည်ဟု The Kokang သတင်းစဥ်က ယနေ့ ဇူလိုင် ၄ ရက်တွင် တရုတ်ဘာသာဖြင့် ဖော်ပြလာသည်။
“သူတို့အိမ်က မြေနိမ့်ပိုင်းအကွက်ထဲကျနေတာ၊ ရေလှောင်ကန်ပေါက်တာရော ရေကြီးနေတာရော အရှိန်နဲ့မျောပါပြီး ရေကန်ထဲရောက်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဉ်ကို သိသိချင်း MNDAA တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သော်လည်း အသက်များမကယ်နိုင်ခဲ့ဘဲ မွန်းလွဲပိုင်းမှာ မိသားစု ၃ ယောက်၏ သေဆုံးနေသည့် ရုပ်အလောင်းများသာ ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှု များပြားခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းရှိ လောက်ကိုင်အပြင် မူဆယ်၊ ကျင်စန်းကျော့ မြို့ရွာများသာမက တရုတ်ပြည် ကြယ်ဂေါင်၊ ရွှေလီမြို့များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် နယ်မြေထိစပ်ကာ ကုန်တင်လေကြောင်းလိုင်းပြေးဆွဲနေသည့် တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့လယ်တွင် ယမန်နေ့ဇူလိုင်လ ၃ ရက်က ၄ နာရီအတွင်း ၃၁၅ ဒသမ ၇ မီလီမီတာ ရွာသွန်းခဲ့သဖြင့် မနေ့မွန်းလွဲပိုင်းတွင် ပြင်းထန်သော ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မဟာ
#MeKongNews
#လောက်ကိုင်
#အထူးဒေသ၁
#ရေကြီးနစ်မြုပ်
#သေဆုံး








