မဲခေါင်၊ ဇူလိုင် ၃
မိုးများပြီး တောင်ကျရေ ကျဆင်းမှုကြောင့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ် မြေနိမ့်ရပ်ကွက်များဖြစ်သည့် စွမ်ဆော်နှင့် ကောင်းမူတုံရပ်ကွက်များတွင် ရပ်ကွက်အတွင်း ရေပြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ဇူလိုင် ၂ရက်က မိုးကြီးစွာရွာသွန်းမှုကြောင့် စက်မှုရပ်ကွက်ဘက်ရှိ တောင်များမှ တောင်ကျရေများ ကျကာ မူဆယ်မြို့အနီးစီးဆင်းသည့် ပန်ခမ်းချောင်း ရေကြီးရေလျှံဖြစ်ကာ ရွှေလီမြစ်အတွင်း မစီးဆင်းနိုင်တော့ဘဲအနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ရေများစီးဝင်နေခြင်းဖြစ်သည်။
“စွမ်ဆော် ၁လမ်း၂လမ်းတွေ ပေါင်လောက်ရှိတယ်။ ကလေးငယ်တွေမျောနိုင်တယ်။ ခုထိ မိုးရွာနေတာ ဒီထက်မိုးများရင် ပိုကြီးမယ်။ အရင် ၃၊ ၄နှစ်လောက်က ဒီလောက်မဟုတ်ပေမယ့် ရေကြီးဘူးတယ်”ဟု မူဆယ်ဒေသခံတစ်ဦးက မဲခေါင်ကို ယနေ့ ဇူလိုင် ၃ရက် ညနေ၄နာရီတွင် ပြောသည်။
အလားတူ မူဆယ်မြို့နယ်တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်လည်း ရေကြီးနေသဖြင့် အချို့နေအိမ်နှင့်ဆိုင်ရှိ ပစ္စည်းများ ပျက်စီးမှုရှိကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“အချို့နေရာတွေ ရင်စို့ရောက်တယ်။ တော်တော်လေး ရေများနေတယ်။ မိုးကလည်း ရွာနေဆဲပဲ။ ပစ္စည်းတွေ သယ်ရတာ ခက်ကုန်ပြီ”ဟု ယင်းဒေသခံက ပြောသည်။
မူဆယ်မှ ၁၀မိုင်ခန့်ဝေးသည့် ကျင်းစန်းကျော့ နယ်စပ်ဂိတ်ကိုလက်ရှိ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ ထိန်းချုပ်ထားပြီး ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းကစ တရုတ်ဘက်က နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သဖြင့် လက်ရှိတွင်မြန်မာပြည်တွင်းနှင့် ကုန်သွယ်လျက်ရှိသည်။
မဟာ
#MeKongNews
#မူဆယ်
#ရေကြီး
#တောင်ကျရေ
#ကျင်စန်းကျော့
#ကောင်းမူတုံရပ်ကွက်








