မဲခေါင်၊ ဇွန် ၃၀
အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူထောင်ကျော်ကို သတ်ဖြတ်ကာ ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည့် ဟားမက်စ်အကြမ်းဖက်အဖွဲ့ မှ လက်ကျန်ခေါင်းဆောင်တစ်ဦးဖြစ်သော ဟက်ခမ်မိုဟာမက် အစ်ဆာ အယ်လ်အစ်ဆာကို လေကြောင်း တိုက်ခိုက်မှုမှ သုတ်သင်လိုက်နိုင်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဇွန် ၂၉ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။
အယ်လ်အစ်ဆာသည် အောက်တိုဘာ ၇ ရက် အကြမ်းဖက်မှုကျူးလွန်သည့် ဟားမက်စ်တပ်ဖွဲ့အား ဦးဆောင်ထူထောင် လေ့ကျင့်သင်ကြားပေးသူဖြစ်ကာ လက်နက်ပရိုဂရမ်များကိုလည်း ဦးဆောင် စီမံခန့်ခွဲပေးသူဖြစ်ကြောင်း အစ္စရေးဘက်မှ ထုတ်ပြန်သလို ဂါဇာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဇနီး၊ မြေးနှင့်အတူ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ပါလက်စတိုင်း သတင်းရင်းမြစ်များတွင်လည်း ဖော်ပြ ခဲ့သည်။
ဟားမက်စ်အမျိုးသားလုံခြုံရေးကောင်စီ အဖွဲ့ဝင်ဖြစ်ကာ လေ့ကျင့်ရေးဌာနချုပ်၏ အကြီးအကဲလည်း ဖြစ်သော အယ်လ်အစ်ဆာ အီရတ်နှင့် ဆီးရီးယားတို့တွင် တိုက်ပွဲအတွေ့အကြုံများရှိခဲ့သူဖြစ်ကာ ၂၀၀၅ ခုနှစ်၌ ဆီးရီးယားမှ တစ်ဆင့် ပါလက်စတိုင်းထဲသို့ ပြန်လည်ဝင်ရောက်လာသူဖြစ်သည်။
အစ္စရေးဘက် က အောက်တိုဘာ ၇ ရက် အကြမ်းဖက်မှုတွင် ဦးဆောင်ပါဝင်သည့် ဟားမက်စ်ခေါင်းဆောင်များအား တစ်ဦးမကျန် ရှင်းလင်းသုတ်သင်သွားမည်ဟု ကြုံးဝါးထားသည့်အတိုင်း အယ်လ်အစ်ဆာမတိုင်မီတွင် ပါလက်စတိုင်းမူဂျာဟစ်ဒင်လှုပ်ရှားမှုတပ်မှ စီနီယာ အရာရှိ အလီဆာဒီ၊ နောက်ထပ် ဟားမက်စ် ခေါင်း ဆောင်တစ်ဦးဖြစ်သော ခါတိတ်ဘ်တို့ကို ရှင်းလင်းခဲ့ပြီးဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အစ္စရေး
#ဟားမက်စ်
#အယ်လ်အစ်ဆာ
#အီရတ်
#ဆီးရီးယား
#ပါလက်စတိုင်း








