မဲခေါင်၊ ဇွန် ၂၉
စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိူးမြို့ရှိ အထက – ၁၊ G-10 နှင့် G-7 မှ ဆရာမအချို့ ၎င်းတို့၏ အတန်းကျူရှင်များတွင် ကျောင်းသားကျောင်းသူများ မတက်မနေဟု ဆိုကာ အတင်းအကြပ်တက်ခိုင်းနေကြောင်း ကလေးမိဘများထံက သိရသည်။
လားရှိုး အထက ၁ မှ G 10 ဆရာမ ဒေါ်နန်းနွယ်ထွန်းက အတန်းဝင်လာပြီဆိုသည်နှင့် စာမသင်ဘဲ အတန်းသားကလေးများကို တစ်လ ကျပ် ၈သောင်းနှင့် ကျူရှင်တက်ရန် တစ်ယောက်ချင်း နာမည်အတိအကျနှင့်ခေါ်ကာ ငွေကောက် ခံနေသည့်အတွက် မိဘများနှင့် ကလေးများ အခက်တွေ့နေရကြောင်း မိဘများကပြောသည်။
“ကလေးတွေက မိဘတွေအဆင်မပြေလို့ မတက်နိုင်ကြောင်းပြန်ပြော ပေမယ့် ဆရာမက မိဘတွေကိုပြောလိုက်၊ ဒီလမတက်ရင် နောက်လက စတက်ရမယ်ဆိုပြီး အတင်းအကြပ်ခေါ်နေပါတယ်”ဟု က လေးမိဘတစ်ဦးက မဲခေါင်ကို ပြောသည်။
အလားတူ G 7 အတန်းမှဆရာမ ဒေါ်မြင့်မြင့်သန်းသည်လည်း ကလေးများကို စာမေးပွဲနှင့် ခြိမ်းခြောက်ပြီး မိဘတွေအထိ ဖုန်းဆက်ကာ ကျူရှင်ထားဖို့ပြောနေသဖြင့် မိဘများကြား ကလေးများ ကျူရှင်မတက်ပါက စာမေးပွဲဖြေခွင့် မရမည်၊ စာမေးပွဲမအောင်မည်ကို စိုးရိမ်နေကြောင်း သိရသည်။
G7 ကျောင်းသားမိဘတစ်ဦးက “အထက – ၁၊ ၇ တန်းဆရာမ ခုမှ ကျောင်းဖွင့်ကာစရှိသေးတာ ကလေးတွေကို နည်းအမျိုးမျိုးနဲ့ အချိန်ပို အတင်းတက်ခိုင်းနေတယ်။ ကျူရှင်ကျတော့လည်း ကိုယ်ထားချင်တဲ့နေရာကို ထားလို့မရဘူးဗျ။ တခြားသူဆီ ကျူရှင်တက်ရဲတက်ကြည့် ငါပြန်စုံစမ်းလို့ သိရရင် နင်တို့မလွယ်ဘူးလို့ ပြောတာတဲ့” ဟု မဲခေါင်သို့ ပြောသည်။
၎င်းအပြင် အတန်းချိန်တွင် စာမသင်ခြင်း၊ အချိန်ပိုင်းဆရာ မလောက်ငှခြင်း၊ ပုံနှိပ်စာအုပ် မလောက်ငှခြင်း၊ စာသင်ဆောင်များ ယိုယွင်းပျက်စီးနေခြင်းနှင် သင်ထောက်ကူပစ္စည်း မပြည့်စုံခြင်းများကြောင်း ကလေးများ ပညာသင်ကြားရသည်မှာ အဆင်မပြေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
လားရှိုးမြို့ရှိ အခြေခံပညာ ကျောင်းပေါင်း ၄၂ ကျောင်းကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့မှ စတင်ကျောင်းအပ် လက်ခံခဲ့ရာ စုစုပေါင်း ၁၉၂၅၀ ဦး ကျောင်းအပ် လက်ခံထားပြီး စတင် ပညာ သင်ကြားနေသည်ဟု စစ်ကောင်စီ၏ လားရှိုး အခြေစိုက် အခြေခံပညာ ဦးစီးဌာနက အစီရင်ခံစာက ဖော်ပြထားကြောင်းသိရသည်။
စစ်ကောင်စီက အခမဲ့ပညာရေးဟု ဆိုထားသော်လည်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းများကမူ ကျောင်းသားကျောင်းသူများကို ကုန်ကြမ်းများအဖြစ် မှတ်ယူကာ လုပ်စားနေကြသဖြင့် မိသားစုများ အခက်အခဲကြုံနေကြသည်ဟု ပြည်သူများ ငြီးတွားနေကြကြောင်း သိရသည်။
မဟာ
#MeKongNews
#လားရှိုး
#ပညာရေး
#ကျူရှင်
#အခြေခံပညာ








