~ လင်းမောင် ~
တရုတ်နိုင်ငံတွင် Tofu-dreg စီမံကိန်းပြဿနာများ ဆက်လက်ကြီးထွားခြင်း အန္တရာယ်နှင့် ရင်ဆိုင်နေရ သည်။ Tofu-dreg စီမံကိန်း ဆိုသည်မှာ အရည်အသွေး ညံ့ဖျင်းသည့် ပစ္စည်းများနှင့် ညံ့ဖျင်းသည့် လက်ရာများဖြင့် တည်ဆောက်သော အဆောက်အအုံ စီမံကိန်းများကို တရုတ်ပြည်တွင် တွင်ကျယ်စွာ ခေါ်ဆိုကြသည့် စကားလုံးဖြစ်သည်။ တိုဟူးလုပ်ရာတွင် ကြွင်းကျန်နေခဲ့သော အစအနများ ဟုလည်း အဓိပ္ပါယ်ရသည်။ အကြွင်းအကျန် အစုတ်အပြတ်များဖြင့် အဆောက်အဦးများအား ပစ္စည်းများစွာ ခိုကာ အမြတ်များများကျန်စေရေး ပစ္စလက်ခတ် တည်ဆောက်သည့် စီမံကိန်းများကို ဆိုလိုခြင်းဖြစ် သည်။ ထိုလုပ်ငန်းများသည် လူသန်းပေါင်းများစွာနှင့်ချီသော သေဆုံးမှုများဖြစ်ပွားနေရသော်လည်း အကျင့်ပျက်ခြစားခြင်းနှင့် ပေါ့ဆမှုများကြောင့် ဆက်လက်ကြီးထွားလာနေခြင်းဖြစ်သည်။ သတိပြုရ မည်က ထိုပြဿနာသည် တရုတ်ပြည်တွင်းမှာသာ ဖြစ်နေခြင်းမဟုတ်ဘဲ ထိုင်း၊ ပါကစ္စတန်၊ အီကွေဒေါ၊ ကန်ညာနိုင်ငံများအပါ နိုင်ငံတကာအထိ ခြိမ်းခြောက်နေပြီဖြစ်သည်။
Tofu-dreg စီမံကိန်းများသည် မကြခဏဆိုသလို တရုတ်ကွန်မြူနစ်ပါတီ (CCP) အရာရှိများ အကျင့်ပျက် လာဘ်စားမှုများနှင့် ပူးတွဲပတ်သက်နေသည်။ ထိုပါတီနှင့် တွဲဖက်ထားသော ကုမ္ပဏီများက လာဘ်ထိုး ခြင်းဖြင့် လူ့အသက်ပေါင်းများစွာ သေကြေစေနိုင်သည့် အညံ့ဖျင်းဆုံး တိုက်တာအဆောက်အအုံများ ဆက်လက်တိုးပွားလာနေသည်။ Mianyang Normal တက္ကသိုလ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Su Zhixian အပါအဝင် CCP မှ အရာရှိ ၁၁ ယောက်ကို ဖမ်းဆီးခဲ့ရသေးသည်။ စီချွမ်းပြည်နယ် Wenchuan ငလျင် ကပ်ဆိုးကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများလုပ်ခဲ့ရာ၌ အလွဲသုံးစားမှုများ လုပ်ခဲ့ ကြသည့် အတွက် ဖမ်းဆီးခံရခြင်ဖြစ်သည်။ အံ့ဩမင်သက်စရာမှာ ငလျင်ကြောင့် ပြိုကျခဲ့သည့် တိုက်တာအဆောက်အအုံများသည် ယခင်က Tofu-dreg စီမံကိန်းစနစ်ဆိုးဖြင့် ဆောက်လုပ်ခဲ့သည့် တိုက်များဖြစ်ကာ ပြန်လည်တည်ဆောက်ရာတွင်လည်း Tofu-dreg တိုက်များသာ ပြန်လည် ဖြစ်တည် လာခြင်းဖြစ်သည်။ အရည်အသွေးက အလွန်ညံ့ဖျင်းသည်။
အသစ်ပြန်ဆောက်သော နေအိမ်များတွင် အခန်းတိုင်း၌ ဒေါင်လိုက်၊ အလျှားလိုက် အက်ကြောင်းကြီး များ ပိုကျယ်သထက်ကျယ်လာသည်။ ထို့ကြောင့်ပင် လူများက အရည်အသွေးညံ့ဖျင်းသော ပစ္စည် များသုံးခြင်းနှင့် အကျင့်ပျက်လာဘ်စားမှုများအောက်မှ Tofu-dreg အိမ်များတွင်ပင် အသက်ကို ဖက်နှင့် ထုပ်ပြီး ပြန်လည် နေထိုင်ကြရသည်။ သစ်သော်လည်း အက်ကြောင်းများနှင့် အစားထိုးအိမ်များ၌ နေထိုင်ရသူ တစ်ဦးက “ ဒေသဆိုင်ရာ အာဏာပိုင်တွေ သူတို့အသိုက်ကို အပျံစားဆောက်နိုင်ဖို့ ဂွင် ကြီးကြီးပေးလိုက်တာမျိုးပါပဲ ” ဟု Tofu-dreg စီမံကိန်းများကို ဒေါသတကြီး ပြောဆိုသည်။
မက္ကာအို ဥပဒေပြုအမတ် ချီဆိုင်ဝမ်က မိမိတို့နိုင်ငံအတွင်း Tofu အရည်အသွေးဖြင့် အများပြည်သူ ဆိုင်ရာအဆောက်အအုံများ အလွန်များပြားနေပြီဖြစ်ကာ ပြည်သူလူထုတစ်ရပ်လုံးအတွက် အလွန် အန္တရာယ်များသော အဆောက်အအုံများဖြစ်သောကြောင့် ပြဿနာအဟောင်းကြီးအား ထပ်မံမတိုး ပွားရေး ကာကွယ်တားဆီးကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း သတိပေးပြောဆိုသည်။
တရုတ်ရေးရာကျွမ်းကျင်သူ အီဗီကာရီကလည်း Tofu-deng စီမံကိန်းများသည် CCP ပါတီ အကြီးအကဲ များနှင့် ကန်ထရိုက်တာများအကြား လာဘ်ပေးမှုများဖြင့် အပြန်အလှန် ဆက်သွယ်နေကြောင်း၊ တရုတ် ဆောက်လုပ်ရေးလောကတွင် အကျင့်ပျက်ခြစားမှုနှင့် လာဘ်စားမှုများက ပြဿနာပေါင်းများစွာ၏ အရင်းခံအဖြစ် တည်ရှိနေကြောင်း၊ စီမံကိန်းအတွက် ငွေကြေးများသည် ထိပ်ဆုံးအဆင့်မှသည် သက် ဆိုင်ရာ အရာရှိများထံ အဆင့်ဆင့် လာဘ်ထိုးငွေအဖြစ် ရောက်ရှိကုန်သဖြင့် တကယ်တမ်း အဆောက် အအုံများတည်ဆောက်ရာတွင် အရေအသွေးပြည့်မီသော ပစ္စည်းများ၊ ဝန်ထမ်းများ၊ လက်ခံနိုင်ဖွယ်ရာ အဆင့်အတန်းလက်ရာများ၌ အသုံးမပြုနိုင်တော့ဘဲ ဘက်စုံညံ့ဖျင်းမှုများဖြင့်သာ စီမံကိန်းကို လည်ပတ် ကြောင်း၊ စီမံကိန်းများသည်လည်း အရေအသွေးပြည့်မီသော ကုမ္ပဏီများထက် နိုင်ငံရေးချည်နှောင် ရင်းနှီးမှုရှိသည့် ကန်ထရိုက်ကုမ္ပဏီများ လက်ထဲသို့သာ ကျရောက်ကုန်သည်ဟု ဝေဖန်ထောက်ပြခဲ့ သည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှာပင် Tofu-deng စီမံကိန်းများစံနှုန်းဖြင့် ဆောက်လုပ်ခဲ့သော စီမံကိန်းအဆောက်အအုံသစ်များစွာ ပြိုကျမှုများဖြစ်ပေါ်ခဲ့သည်။ တံတားကြီးများ၊ အထူး အမြန်လမ်းမကြီးများ၊ အဆောက်အအုံသစ်များ Tofu-deng လုပ်ကွက်ကြောင့်ပင် တရုတ်နိုင်ငံ အနှံ့အပြား ပြိုကျမှုများရှိခဲ့သည်။ သာဓကအနေဖြင့် မင်ဟူစီရင်စု၊ ယန်ဟူရွာသားများ မျက်မြင်တွေ့ ခဲ့ရသည့် တံတားသစ်ကြီး အက်ကြောင်းများ ကြီးမားလာခြင်းနှင့် သံမဏိချောင်းများ ဟိုမှာသည်မှာ ထိုးထွက်ပျက်စီးလာခြင်းက သက်သေဖြစ်သည်။ ပြန်လည်ပြင်ဆင်ပေးနေသည့်တိုင် တံတား ပျက်စီး နေမှုမြင်ကွင်းများမှာ ထပ်တိုးဖြစ်ပွားနေသည်။
တရုတ်ပြည်သူများစွာက လူမှုကွန်ရက်များပေါ်တွင် ညံ့ဖျင်းကာ အရည်အသွေးစုတ်ပြတ်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင် ဗီဒီယိုများ၊ ဓာတ်ပုံများကို မျှဝေကာ CCP ပါတီ ဦးဆောင်အစိုးရ၏ လာဘ်စားမှုဒဏ်များကြောင့်သာဖြစ်သည်ဟု အုံနှင့်ကျင်းနှင့် ဝေဖန်ရေးသားကြသည်။ ဗိသုကာ ပညာရှင် လီဆာအဝါဇူဝဲလ်မန်းဆိုသူက တရုတ်ဆောက်လုပ်ရေးလောက၌ စီမံကိန်းများတွင် အကျင့်ပျက်လာဘ်စားမှုများပြည့်နှက်နေသည်မှာ သက်သေများအခိုင်အလုံရှိနေသည်ဟု ဆိုသည်။ တီထွင်ဖန်တီးသူများနှင့် ကန်ထရိုက်များသည် ဆောက်လုပ်ရေးကုန်ကျစားရိတ်များကို မည်သို့ ခိုကာ မည်သို့လာဘ်ထိုးပြီး မည်မျှ အိတ်ထဲရောက်မည်ကို ကောင်းကောင်းသိကြကြောင်း၊ နံရံ ကာရံခြင်း များကို လျှော့ချ၊ အရည်အသွေးမြင့် ပစ္စည်းများကို မသုံးဘဲ ညံ့ဖျင်းသည့် ပစ္စည်းများ အစားထိုးသုံးစွဲ ခြင်းဖြင့် ကိုယ့်အတွက် ကျန်မည့်ငွေကိုသာ ကြည့်ကြတော့သည်ဟု ပွင့်လင်းစွာ ဝေဖန်ခဲ့သည်။
Tofu dreg ဆိုသည့် အခေါ်အဝေါ်သည် တရုတ်နိုင်ငံအတွင်းသာမက အခြားနိုင်ငံများစွာတွင် တရုတ် ကန်ထရိုက်များ သွားရောက်လုပ်ကိုင်နေခြင်းမှတစ်ဆင့် လူသိများကျော်ကြားသော စကားလုံး ဖြစ်လာ သည်။၂၀၂၅ မတ်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အသစ်ဆောက်လုပ်နေသော အထပ်မြင့် ထိုင်း စာရင်းစစ်ရုံးသစ်ကြီး ပြိုလဲခဲ့သည်။ ထိုအဆောက်အအုံကို တရုတ်အစိုးရပိုင် China Railway No. 10 ကုမ္ပဏီက တာဝန်ယူတည်ဆောက်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီး အဖျားခတ်သည်နှင့် ဘန်ကောက်ရှိ အထပ် ၃၀ မြင့်ဆောက်လက်စ တိုက်ကြီးမှာ အခြားမည်သည့် ခေတ်မီအထပ်မြင့်တိုက်များစွာ မပြိုဘဲ တစ်တိုက်တည်း ထီးထီး ပြိုကျခဲ့သည်။ ပြိုသည်မှ ဘေးစောင်း ပြိုကျခြင်းမဟုတ်ဘဲ အောက်သို့တည့်တည့် ပုံကျပြီး ပြိုသွားခြင်းဖြစ်သည်။ ထို ဖြစ်စဉ်က တရုတ် ကန်ထရိုက်တာများ၏ Tofu dreg စီမံကိန်း အန္တရာယ်မည်မျှ ကြီးမားသည်ကို ပိုမို သိရှိစေသည်။ ထိုင်း တွင်သာမက ကန်ညာတွင်လည်း China Railway No. 10 မှပင် တာဝန်ယူဆောက်လုပ်ခဲ့သည့် တံတား ကြီးပြိုကျရာမှ ၂၇ ယောက် ဒဏ်ရာရခဲ့သည်။ ထိုမျှ မက အီကွေဒေါနှင့် ဘရာဇီးတွင်လည်း တရုတ်၏ Tofu dreg လုပ်ကွက်ကြောင့်ပင် ပျက်စီးပြိုကျမှုများရှိခဲ့သည်ဟု ဝေဖန်မှုများ ဆူညံခဲ့သည်။
ထိုင်းရှိ စာရင်းစစ်ရုံးကြီးပြိုကျမှုက လူမှုကွန်ရက်များပေါ်တွင် တောမီးပမာ တစ်ဟုန်းဟုန်းပျံနှံ့တောက် လောင်လာသည်။ သို့သော် တရုတ်နိုင်ငံအတွင်း၌မူ ဆင်ဆာဖြတ်တောက်မှုများဖြင့် ထိုမီးကို ငြိမ်းသတ် ခဲ့သည်။ လူမှုကွန်ရက် ပို့စ်များကို လိုက်ဖျက်သည်။ သတင်း၊ ဆောင်းပါးများကို ဖယ်ရှားသည်။ ပတ်သက်ရာ အင်တာနက် Link များကို ဝင်မရေစေရန် ပိတ်ပင်သည်။ သို့သော် ဘန်ကောက်တွင် အထပ် မြင့်တိုက်ပေါင်းများစွာ ဘာမှ မဖြစ်ခဲ့ဘဲ စာရင်းစစ်ရုံးကြီး အပုံလိုက်ပြိုကျပြီး လုပ်သား အသက်ပေါင်းများစွာ ပေးဆပ်လိုက်ရသည်က ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်ခဲ့ရသည်။
ထိုဖြစ်စဉ်ကိုကြည့်လျှင် စားရိတ်လျှော့ချ၊ စံချိန်မညီသော ပစ္စည်းများသုံးစွဲသည့် နောက်ဆက်တွဲ အကျိုးဆက်မှာ Tofu dreg ကြောင့်ပင်ဖြစ်သည်ဟု ချောင်ဝှာ အင်စတီကျု စီးပွားရေး သုတေသန ပညာရှင် Wang Kuo-Chen က မီးမောင်းထိုး သတိပေးစကားဆိုသည်။
တရုတ်မှစသော Tofu Dreg စီမံကိန်းများရိုက်ခတ်မှုသည် တရုတ်အစိုးရနှင့် ဘက်စုံထောင့်စုံ မဟာမိတ် ပြုထားသည့် ပါကစ္စတန်ပင်လျှင် မလွတ်နိုင်ခဲ့ပေ။ ပါကစ္စတန်တွင် Neelum Jhelum ရေအားလျှပ်စစ် ထုတ်လုပ်မှုစက်ရုံကြီးကို တရုတ်ကန်ထရိုက်များက တည်ဆောက်ပေးခဲ့သည်။ အက်ကြောင်းကြီးများ မှာ တစ်ရက်တခြား ကြီးမားကျယ်ပြန့်လာသည့်အတွက် တရုတ်ကန်ထရိုက်များနှင့် အလုပ်ဆက်မလုပ် လိုတော့ဘဲ ရပ်ဆိုင်းရန် ပါကစ္စတန်အစိုးရက စဉ်းစားလာရသည်။ နောက်ဆုံး ရေအားလျှပ်စစ် စက်ရုံ ကြီးပြင်ဆင်ရခြင်းတွင် အလွန်များပြားသော ပြင်ထိန်းခများ ကုန်ကျကာ ရေအားလျှပ်စစ်လည်း မထွက်ရှိနိုင်တော့သဖြင့် ပါကစ္စတန်၌ စွမ်းအင်လိုအပ်ချက်များ ပိုမိုများပြားဆိုးရွားစေခဲ့သည်။
ထိုင်ဝမ်အမျိုးသား ချန်ချီတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာန သုတေသီ Tzeng Wei-Feng က ဘန်ကောက် စာရင်းစစ်ရုံးပြိုကျမှုကြောင့် တရုတ်၏ မဟာဗျူဟာ စီမံကိန်းကြီးဖြစ်သော ခါးပါတ်လမ်း (BRI) စီမံကိန်းကြီး အပေါ်တွင်လည်း သံသယများစွာ ထားရှိရတော့မည်ဟုဆိုသည်။ ထိုလမ်းကြီး စတင် ဖြတ်ဖောက်မည့် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် တရုတ်လုပ်ငန်းစုများဖြင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တိုင်းတွင် ပြန်လည် ချင့်တွက်ကာ စီမံကိန်းများအား ပိုမိုဂရုစိုက်ကာ အသေးစိတ် စစ်ဆေး တွက်ချက်ကြစေလိုသည်ဟု သတိပေးသွားခဲ့သည်။
#MeKongNews








