မဲခေါင်၊ ဇွန် ၂၈
ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော အထက်လွှတ်တော်ဥက္ကဌ ဟွမ်ဆန်နှင့်လက်ရှိ ဝန်ကြီးချုပ်တာဝန်လွှဲယူထားသော သားဖြစ်သူ ဟွမ်မာနက်တို့သည် ထိုင်းနှင့်ပတ်သက်ပြီး အငြင်းပွား ဖွယ်ထုတ်ပြန်ချက်များကို လူမှုကွန်ရက်ပေါ်တွင် ဆက်တိုက်ရေးတင်နေကာ ယခုလည်း ဇွန် ၂၆ ရက်၌ အငြင်းပွားနယ်စပ် အော့ဒါမင်ချေးခရိုင်ရှိ စစ်သားများထံ ဟွမ်ဆန်သွားရောက်လည်ပတ်ပြီးနောက် ကျူးကျော်ခံရလျှင် မကြောက်ဘဲ တိုက်ခိုက်ရန် အသင့်ပြင်ထားရေး တပ်လှန့်မှာကြားသွားခဲ့သည်။
ထိုရက်မတိုင်မီကပင် ဟွမ်ဆန်က ဘန်ကောက်အထိ ရောက်နိုင်သော လက်နက် မိမိတွင်ရှိသည်ဟု ကြုံးဝါးသလို ကမ္ဘောဒီးယားထောက်ပို့တပ် အကြီးဆုံးရာထူးလည်း ရယူကာ စစ်ယူနီဖောင်းပြန်ဝတ်ပြီး နယ်စပ်တွင်တာဝန်ထမ်းဆောင်သည့် စစ်သည်များအား ထောက်ပို့တာဝန်အတွက် မပူကြရန် မှာကြား သွားခဲ့သည်။
သားဖြစ်သူ ဟွမ်မာနက်ကလည်း မိမိတို့နှင့် ထိုင်းဆက်ဆံရေးသည် ယခင် စစ်အာဏာ သိမ်းခဲ့သော ထိုင်းဗိုလ်ချုပ် ပရာယွတ်လက်ထက်က အထူးကောင်းမွန်ခဲ့ကာ ယခု သက်ဆင်နှင့် သမီး ဖြစ်သူဝန်ကြီးချုပ် ပေထောင်တန်တို့သည် ထိုင်းစစ်တပ်နှင့် သီးခြားဖြစ်နေသည့်အတွက် နှစ်နိုင်ငံ ဆက်ဆံရေးပျက်ပြားလာရသည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ဇွန် ၂၇ ရက်တွင်လည်း ဟွမ်ဆန်က တစ်ချိန်က GodBrother ဟုခေါ်ခဲ့သော သက်ဆင်သည် ထိုင်းနိုင်ငံအပေါ် သစ္စာဖောက်ကြောင်း စွပ်စွဲခဲ့ ပြီး သက်ဆင်မိသားစု နိုင်ငံအပေါ် မည်သို့ သစ္စာဖောက်သည်အား ထုတ်ပြောနိုင်သည်ဟုပါ ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
ထိုင်းကာကွယ်ရေးဝန်ကြီး ဖမ်သန်ကလည်း ဇွန် ၂၆ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ မိမိတို့ ထိုင်းတော်ဝင်လေတပ်မှ ဖိုက်တာဂျက်လေယာဉ်များသည် ကမ္ဘော့ဒီးယားအငြင်းပွားနယ်စပ်သို့ ၅ မိနစ် အတွင်း အရောက်လာနိုင်သည့် အနေအထား ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: The Nation Thailand
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီယား
#ဟွန်ဆန်
#စစ်ရေးတိုးချဲ့ပြင်ဆင်








