မဲခေါင်၊ ဇွန် ၂၇
ဇွန်လအတွင်း ပြည်တွင်းစားအုန်းဆီ အခြေခံလက်ကားဈေးသည် တစ်ပိသာလျှင် ကျပ် ၂၀၀ ကျော် ဈေးကျဆင်းသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း ဈေးကွက်တွင် ၂ဆနီးပါး ဈေးမြင့်နေကြောင်း စားသုံးသူများက ပြောဆိုသည်။
၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့က စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွန်းဈေးနှုန်းသည် တစ်ပိသာလျှင် ကျပ် ၆၃၁၀ ရှိရာမှ ဇွန်လ ၂၂ ရက်နေ့ မှ ဇွန်လ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်တွင် ကျပ် ၆၀၈၀ ဖြစ်ကာ ကျပ် ၂၃၀ ဈေးကျဆင်းလာနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလဆန်းက စားအုန်းဆီအခြေခံဈေးနှုန်းသည် တစ်ပိသာလျှင် ၆၇၃၅ ကျပ် အထိ ရှိနေရာမှ ဈေးနှုန်းကျဆင်းလာနေခြင်း ဖြစ်သည်။
“အဲတာက စာရွက်ပေါ်မှာပဲ ရှိတဲ့ဈေးနှုန်းပါ။ သူတို့ အချင်းချင်းပဲ ဖေးမတဲ့ ဈေးနှုန်းကြီး” ဟု စားဆီရောင်းချနေသူတစ်ဦးက ပြောဆိုသည်။
မလေးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်မှု အားကောင်းလာနေပြီး ကြိုပွိင့်ဈေးနှုန်းမှာလည်း ဈေးကျဆင်းလာနေ၍ နိုင်ငံတကာဈေးနှုန်းပါ လိုက်ပါ ကျဆင်းနေခြင်းဟု စားအုန်းဆီ ရောင်းချနေသူ တစ်ဦးက ပြောဆိုသည်။
စားသုံးဆီဈေး ကျဆင်းလာနေသော်လည်း ပြင်ပဈေးကွက်တွင် ကျပ် ၁၁၈၀၀ ဝန်းကျင်အထိ ရှိနေပြီး စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့် မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းက Door to Door စနစ်ဖြင့် ရောင်းချပေးသည် ဆိုသော်လည်း လက်တွေ့တွင် ဖုန်းခေါ် မှာယူရခက်ခဲကြောင်း စားသုံးသူများက ဆိုသည်။
“ခြေထောက်များပါရင် ဈေးထဲကို တစ်ခေါက်ပတ် လေ့လာကြည့်စေချင်တယ်” ဟု စားသုံးသူ တစ်ဦးက ပြောဆိုထားသည်။
ဆီဆိုင်များက ခွဲတမ်းအလိုက် သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချရာတွင်လည်း အနည်းအကျဉ်းသာ ရောင်းချကြပြီး လက်တွေ့တွင် ပြင်ပဈေးနှုန်းဖြင့်သာ ရောင်းချနေကြသည်ဟု စားသုံးသူများထံမှ သိရသည်။
ရှမ်းပြည်တွင် စားအုန်းဆီကို သတ်မှတ်ဈေးနှုန်းများဖြင့် ဝယ်ယူလိုပါက အိမ်ထောင်စုဇယားဖြင့် စာအုပ်ပြုလုပ်ကာ သတ်မှတ်နေ့ရက်တွင် တစ်အိမ်ထောင်လျှင် တစ်ပိသာနှုန်း ဝယ်ယူခွင့်ပေးကြောင်း ဒေသခံများထံမှ သိရသည်။
ပြည်တွင်းထုတ် မြေပဲဆီ ဈေးနှုန်းသည် တစ်ပိသာလျှင် ပျမ်းမျှ ကျပ် ၂၃၀၀၀ ဝန်းကျင်အထိ ဈေးရှိနေပြီး ပြည်သူအများစုမှာ ဈေးသက်သာသည့် စားအုန်းဆီကိုသာ မှီခိုစားသုံးနေကြသည်။
ပုဇွန်နှစ်ကောင် တံဆိပ် ဟင်းသီးဟင်းရွက်ဆီမှာ ၁၈ လီတာ ဆန့် တပုံးကို ကျပ် ၁၅၀၀၀၀ နှုန်းရှိပြီး တစ်လီတာကို ကျပ် ၈၀၀၀ ဝန်းကျင် ဈေးရှိနေသည် ဟု ဈေးကွက်တွင် ရောင်းချသည့် ဈေးနှုန်းများအရ သိရသည်။
ဖေသန်း
#MeKongNews
#စားအုန်းဆီ
#စစ်ကောင်စီ
#သတ်မှတ်ဈေး
#ဈေးတက်








