မဲခေါင်၊ ဇွန် ၂၇
အမေရိကန်မှ အီရန် ပင်မနျူကလီးယား အဆောက်အအုံ ၃ ခုကို ၁၄ တန် ဘန်ကာဖျက်ဗုံး ( GBU-57 Massive Ordnance Penetrators) ဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ရာတွင် ဒေါ်နယ်ထရမ့်မှ အလုံးစုံ ဖျက်ဆီးနိုင်ခဲ့သည်ဟု ကြေညာခဲ့သော်လည်း ထို နျူကလီးယားဆိုက် ၃ ခုထဲမှ အရေးအပါဆုံး Fordow နျူကလီးယားအဆောက်အအုံသည် အမှန်တကယ် ထိခိုက်ပျက်စီးမှုမရှိဘဲ နေရာပြောင်းသွားနိုင်ခဲ့သည် ဟု CBS သတင်းဌာနက ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုအပြီး အမေရိကန်စစ်ဘက်ဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံက တိုက်ခိုက်မှု၏ သက်ရောက်ပုံများအား ဒေါ်နယ်ထရမ့် ချင့်တွက်ရာ Fordow နျူကလီးယားဆိုက်သည် လအနည်းငယ်အကြာတွင် ပုံမှန်အဆင့်ပြန်လည်ပတ်နိုင်လောက်သည့် အနေအထားသာ ပျက်ဆီးခဲ့သည်ဟု ယူဆမှုလည်း ရှိခဲ့သည်။
သို့သော် ထိုယူဆမှုမှာ အတွင်းလူတစ်ဦးကြောင့် ပေါက်ကြားသွားသည့်အတွက် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက သမ္မတကို နာမည်ဖျက်ရန်လုပ်ဆောင်သော အသေးစား ပေါက်ကြားမှုဟုသာ ထုတ်ပြန်သွားခဲ့သည်။
သို့သော် CBS သတင်းဌာနမှ ဖော်ပြမှုတွင် ဂြိုဟ်တုဓာတ်ပုံများအရ Fordow နျူကလီးယားဆိုက်ကို မတိုက်ခိုက်မီ တစ်ရက်အလိုကတည်းက ကုန်ကားကြီးများစွာသည် မြေအောက်လိုဏ်ဂူထဲ ဝင်ထွက် သွားလာနေသည်ကို တွေ့ရှိရသလို အီရန်ဘက်က ပျက်ဆီးမှုသည် အပေါ်ယံသာဖြစ်သည်ဟု ထုတ်ပြန်သည့်အတွက် အရေးပါသော နျူကလီးယားပစ္စည်းများအား ကြိုတင် နေရာရွှေ့ပြောင်းနိုင်ခဲ့ခြင်းဖြစ် သည်ဟု အတွင်းသတင်းပေးထံမှ သိရှိရသည်။
ယင်းရွှေ့ပြောင်းလိုက်သော နေရာသည် Fordow ဆိုက်ဟောင်း၏ တောင်ဘက် မိုင် ၉၀ အကွာရှိ ပေါက်ချွန်း (Pickaxe) တောင် အောက်တည့်တည့်တွင် ဖြစ်ရာ တောင်အမြင့် ပေ ၅၀၀၀ ရှိသည့် တောင်ခြေမှ မြေအောက်သို့ ၃၂၈ ပေ ထပ်တူးကာ တည်ဆောက်ချဲ့တွင်ထားသည့်အတွက် အုပ်မိုးနေ သော တောင်နှင့် မြေအောက်အနက်အနေအထားအရ အမေရိကန်၏ ၁၄ တန် ဘန်ကာဖျက်ဗုံး ( GBU-57 Massive Ordnance Penetrators) ဖြင့်ပင် တိုးမပေါက်နိုင်ဟု သိရသည်။
မနှစ်ကတည်းက ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က အဆိုပါ ပေါက်ချွန်းတောင် အောက်တွင် မြောက်များစွာသော နျူကလီးယားပရိုဂရမ်အတွက် အသုံးပြုမည့် အရေးကြီးသည် အရာများစွာထားရှိမှုအား မြင်နေရကြောင်းနှင့် အီရန်အစိုးရကို မေးမြန်းရာတွင် ခင်ဗျားတို့ အလုပ် ဘာမှ မပါဟု ရိုင်းစိုင်းစွာ တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။
အမေရိကန်၏ B-2 ဗုံးကျဲလေယာဉ်မှကြဲချသည့် ဘန်ကာဗျက်ဗုံးသည် မြေအောက် မီတာ ၆၀ အထိ ထိုးခွဲဝင်ရောက်ပြီးမှ ဖောက်ခွဲခြင်းဖြစ်သော်လည်း ပေါက်ချွန်းတောင် အောက်မှနျူကလီးယားဆိုက်သစ်မှာ ထိုဗုံးဖြင့်ပင် ရောက်ရှိဖျက်စီးနိုင်ရန် မဖြစ်နိုင်သေးဟု သုံးသပ်နေကြခြင်းဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အမေရိကန်
#အီရန်
#နျူကလီးယား
#ကုလသမဂ္ဂ








