မဲခေါင်၊ ဇွန်၂၇
ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းရှိ ဆောင်နန်းခဲ တစ်ရွာလုံးကို မီးရှို့ခဲ့သည့် PNO ပြည်သူ့စစ် တပ်ခွဲမှူးမှာ တော်လှန်ရေးတပ်များ၏ ဒရုန်းဗုံးဒဏ်ကြောင့် သေဆုံးသွားကြောင်း အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၉ IPDF ထံမှ သိရသည်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၉ – IPDF မှ တပ်ရေးမှူး အင်းသွေးနီက PNO တပ်ခွဲမှူး သေဆုံးမှုမှာ ဒရုန်းဗုံးသီး ထိမှန်သေဆုံးခြင်းဖြစ်ကြောင်း မဲခေါင်သို့ ဇွန်လ ၂၇ရက်တွင် အတည်ပြု ပြောဆိုသည်။
သေဆုံးသွားသည့် PNO ပြည်သူ့စစ်တပ်ခွဲမှူးမှာ စိုင်းနောင့်ဆိုသူဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် ဆောင်နန်းခဲရွာမှ လွယ်ပေါရွာဘက်သို့ စစ်ကြောင်းထိုးရန် စုရုံးနေကြစဥ် တော်လှန်ရေးတပ်များမှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်း အပါအဝင် PNO ပြည်သူ့စစ် အများအပြား ထိခိုက်ခဲ့ကြောင်း သိရသည်။
အခြား မြေပြင်သတင်းအရင်းအမြစ်တစ်ဦးကလည်း ယင်း PNO တပ်ခွဲမှူး စိုင်းနောင့်နှင့်အတူ အခြား ပြည်သူ့စစ် အဖွဲ့ဝင် ၄ ဦးလည်း သေဆုံးခဲ့သည် ဟု ဆိုသည်။
“သူတို့ကို စစ်တပ်က အောင်ပန်း ၇၀၀ စစ်ဆေးရုံမှာတောင် ကုသခွင့်မပေးဘူး။ ပင်လောင်းမှာပဲ သေကြရတာ” ဟု ၎င်းက ပြောသည်။
နောင့်စိုင်း သည် ညောင်ရွှေမြို့နယ်၊ ကုန်းကျိန်းရွာသူနှင့် အိမ်ထောင်ကျကာ PNO တပ်ဖွဲ၀င် ဖြစ်လာရာမှ တပ်ခွဲမှူးအဆင့်ခန့်အပ်ခံရပြီး တရားမဝင် သစ်အရောင်းအ၀ယ်၊ မူးယစ်ဆေးဝါး ရောင်း၀ယ်ခြင်းနှင့် ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်း၀ယ်သူ၊ သုံးစွဲသူများအား ထောင်ချောက်ဆင် ဖမ်းဆီးကာ ငွေဒဏ်ရိုက်အပြစ်ပေး၍ ကြီးပွားချမ်းသာလာသည့် နာမည်ဆိုးထွက်သူတစ်ဦး ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာရင်း ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေနယ်စပ်ရှိ ဆောင်နန်းခဲ ကျေးရွာ တစ်ရွာလုံးကို ဇွန်လ ၂၄ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်။
မဟာ
#MeKongNews
#ဆောင်နန်းခဲကျေးရွာ
#PNO
#ပြည်သူ့စစ်
#တပ်ခွဲမှူးစိုင်းနောင့်








