မဲခေါင်၊ ဇွန် ၂၆
အစ္စရေးနှင့် ၁၂ ရက်ကြာစစ်ပွဲပြီးဆုံးပြီးနောက် အီရန်သည် အစ္စရေးစပိုင်များကို နှိမ်နင်းမှုများ လုပ်ဆောင်နေကာ ဇွန် ၂၄ ရက်မနက်ပိုင်း၌ အစ္စရေးအတွက် စပိုင်လုပ်သည်ဆိုကာ ဖမ်းဆီးထားသည့် အကျဉ်းသား ၃ ဦးကို ကြိုးပေးကွပ်မျက်ခဲ့သည်။
ယင်းကွပ်မျက်ခံရသူ ၃ ဦးနာမည်မှာ အီဒရစ်အလီ၊ အာဇတ်ရှိုဂျိုင် နှင့် ရာဆိုးအာမက်ရာဆိုး ဆိုသူတို့ဖြစ်ကာ အစိုးရ ရုပ်သံမှ ထောင်းတွင်း ကြိုးပေးရန် ဝတ်စုံပြာဖြင့် ထုတ်လာမှုကို ပြည်သူများအား ပြသကာ ကြိုးပေးကွပ်မျက်ခဲ့ခြင်းဖြစ်သည်။
အီရန်စစ်ဗိုလ်ချုပ်များ ရှိသည့်နေရာကို အစ္စရေး၏ မော့ဆက် စစ်ထောက်လှမ်းရေးများက အတိအကျ သိရှိထားသဖြင့် အတိအကျ လုပ်ကြံသတ်ဖြတ်ရာမှာ စစ်ဦးစီးချုပ်နှစ်ဦးအပါ ဗိုလ်ချုပ် ၄ ဦးထက် မနည်း သေဆုံးသလို နျူကလီးယား သိပ္ပံပညာရှင်များလည်း သေဆုံးခဲ့ရသည်။
ထို့ကြောင့် အီရန်ခေါင်းဆောင် ခါမီနီသည် ပြီးခဲ့သည့် ၁၀ ရက်အတွင်း အစ္စရေးသူလျှိုများဟု ယူဆ ဖမ်းဆီးထားသူ ၁၀ ဦးထက်မနည်းကို သုတ်သင်ရန် အမိန့်ပေးခဲ့ပြီး နောက်ထပ် အယောက် ၇၀၀ ဝန်းကျင်ကိုလည်း သံသယမှုဖြင့် ဖမ်းဆီးထားကြောင်း အီရန် လူ့အခွင့်အရေးအဖွဲ့ ခေါင်းဆောင် မာမွတ် အမီရီမိုဂက်ဒမ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အစ္စလာမ္မစ်ရီပက်ဘလစ်နိုင်ငံခေါင်းဆောင်များသည် ပြည်သူအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်း ဖြစ်သောကြောင့် လာမည့်ရက်ပိုင်း၊ ရက်သတ္တပတ်ပိုင်းအတွင်း ရာချီ သို့မဟုတ် ထောင်ချီသော အကျဉ်းသားများကို ထပ်မံ ကွပ်မျက်မည်အားလည်း စိုးရိမ်ရကြောင်း မာမွတ်က ပြောဆိုခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အစ္စရေး
#အီရန်
#သူလျှို
#ကြိုးပေးကွပ်မျက်








