မဲခေါင်၊ ဇွန် ၂၅
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA နှင့် စစ်ကောင်စီတပ်ကြား ဇွန်လ ၂၄ ရက်နေ့က နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DPLA က ယနေ့ဇွန်လ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ပြီး DPLA တပ်ဖွဲ့များရှိရာ ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့သည်ဟု ဆိုသည်။
ယင်းနေ့ မနက်ပိုင်း ၉ နာရီတွင် ဂျက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး၊ ၉ နာရီ ၁၉ မိနစ်မှ ၁၀ နာရီ ၇ မိနစ် အတွင်း Y12 ဖြင့် ဗုံး ၂၂ လုံး၊ နေ့လယ် ၁ နာရီ ၅၉ မိနစ်တွင် ပေါင် ၅၀၀ ဗုံး တစ်လုံး၊ ၁ နာရီ ၅၄ မိနစ်မှ ၂ နာရီ ၁၉ မိနစ် အတွင်း Y12 ဖြင့် ဗုံး ၃၃ လုံး နှင့် ညနေ ၆ နာရီ ၅၁ မိနစ်မှ ၇ နာရီ ၁၄ မိနစ်အတွင်း Y12 ဖြင့် ဗုံး ၂၄ လုံး စသည့်ဖြင့် တစ်နေကုန်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
DPLA အနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို သတင်းရယူနိုင်ရန် စနစ်တကျပြင်ဆင်ထားသည့်အတွက် ယခုကဲ့သို့ ဗုံးအရေအတွက်ကို အတိအကျ မှတ်တမ်းယူနိုင်ခြင်းဖြစ်ကြောင်း DPLA ပြန်ကြားရေးက ပြောသည်။
လက်တလောတွင် စစ်ကောင်စီတပ်များသည် လေယာဉ်ဗုံးများ၊ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြု၍ နောင်ချိုမြို့အနီးတဝိုက်တွင် အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
DPLA သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်သည့် ၂၀၂၄ ဇွန်လ ၂၄ ရက်ကတည်းက TNLA၊ MDY-PDF တို့နှင့်အတူ နောင်ချိုတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေကြနေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။
မဟာ
#MeKongNews
#DPLA
#နောင်ချို
#ရွှေသွန်းကျေးရွာ
#လေကြောင်းတိုက်ခိုက်မှု








