မဲခေါင်၊ ဇွန် ၂၀
စစ်မှုထမ်းအသက်အကျုံးဝင်သူတိုင်း ဆင့်ခေါ်စာ ရရှိပါက မပျက်မကွက် သတင်းပို့ရမည်ဖြစ်ပြီး လူမရှိပါက မိဘများကို တရားစွဲမည်ဟု မိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက ဇွန်လ ၁၆ ရက်တွင် ဒေသခံများကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၆ ရက်၊ နေ့လယ်ပိုင်း၌ ထွေအုပ်ရုံးတွင်ပြုလုပ်သည့် မြို့မရပ်ကွက်နေ ဒေသခံလူထုများနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရပ်ကွက်ထဲက အကျုံးဝင်သူ တွေအားလုံးကို အလှည့်ကျ နံပတ်တွေ မဲနှိုက်တာ အားလုံးပါပါတယ်။ ခေါ်တဲ့အပတ်စဥ်အလိုက် လိုက်ရမှာပါ။ လူမရှိရင် ကျန်တဲ့ မိဘကအစ အားလုံးကို အမှုဖွင့် တရားစွဲမယ်တဲ့ ” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
မိုင်းတုံခရိုင်အတွင်းရှိသူ အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အကျုံးဝင်သူ အားလုံးကို မဲအစဥ်လိုက် ခေါ်ယူသွားမည်ဖြစ်ပြီး တစ်ပတ်စဥ်တစ်ခုလျှင် ခွဲတမ်းအရ ၁၅ ယောက် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
“ခုမြို့မက လူငယ် ၁၁၈ ယောက် က နံပတ်၁ ကနေ စလိုက်ရမှာ ၊တစ်ရပ်ကွက်ကို ၃ယောက်တဲ့။ အိမ်ထောင်ရှိ၊ ကလေးရှိ ၊ မိသားစုရှိ၊ မိဘလုပ်ကျွေးနေတာ ဘာမှမလွတ်ဘူး။ အကုန်ပါတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခင်အပတ်စဥ်များတွင် ထည့်လိုက်သည့်သူများနှင့် ပါက်သက်၍ မည်သည့် သတင်းစကားမျှ ပြန်မသိရသည့်အပြင် စုံစမ်းမေးမြန်း၍လည်း မရသေးကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးက မဲခေါင်ကို ပြောသည်။
လက်ရှိ မိုင်းတုံမြို့နယ်အတွင်း၌ စစ်မှုထမ်းအကျုံးဝင်သည့် အသက်အရွယ်ရှိသည့် အိမ်များမှ ကျပ်ငွေ ၃ သောင်း၊ မရှိသည့်အိမ်များမှ ကျပ်ငွေ တစ်သောင်းစီကို ဆယ်အိမ်မှူးများက အပတ်စဥ်တိုင်းအတွက် ကောက်ယူလျက် ရှိနေကြောင်း သိရသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြညာပြီးနောက်ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ် စဉ် ၁ ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှစတင်၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအပတ်စဉ် ၂ ကို မေ ၁၄ ရက်၊ သင်တန်းအမှတ် ၃ကို ဇွန် ၂၅ ရက် ၊ သင်တန်းအမှတ်စဉ် ၄ ကို သြဂုတ် ၅ ရက်၊ သင်တန်းအမှတ်စဉ် ၅ ကို စက်တင်ဘာ ၉ ရက်၊ သင်တန်းအမှတ် ၆ ကို အောက်တိုဘာ ၂၁ ရက်၊ သင်တန်းအမှတ် ၇ ကို နိုဝင်ဘာ ၂၆ ရက်၊ သင်တန်းအမှတ် ၈ ကို ဒီဇင်ဘာ ၂၃ ရက်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့သည်။
၎င်းနောက်ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၉အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက် တွင်လည်းကောင်း၊ အပတ်စဥ် ၁၀ ကို ဖေဖော်ဝါရီ ၁၀ ရက်၊ အပတ်စဉ် ၁၁ကို မတ် ၁၇ ရက်၊ အပတ်စဉ် ၁၂ကို ဧပြီ ၂၂ ရက် ၊ အပတ်စဉ် ၁၃ ကို မေ ၁၉ ရက် တွင်လည်းကောင်းအသီးသီးဖွင့်လှစ်ခဲ့သည်။
လက်ရှိ အပတ်စဥ် ၁၄ ကို ဇွန်လ၁၆ရက်က ဖွင့်လှစ်ခဲ့ပြီး ယခုတွေ့ဆုံပွဲသည် လာမည့် အပတ်စဥ် ၁၅ အတွက် စုဆောင်းနေခြင်းဖြစ်ကာ စစ်မှုထမ်း သင်တန်းကို တစ်လတွင် တစ်ခု ဖွင့်လှစ်နေခြင်း ဖြစ်ကြောင်း သိရသည်။
#MeKongNews
#မိုင်းတုံ
#ရှမ်းအရှေ့
#ထွေအုပ်
#စစ်မှုထမ်း








