မဲခေါင်၊ ဇွန် ၁၆
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲရှိ SSPP ၏ ခေးစိပ်တပ်စခန်းတွင် TNLA နှင့် SSPP တို့ ယမန်နေ့ ဇွန်လ၁၅ရက် ညနေပိုင်း၌ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့၊ ညနေ ၅နာရီဝန်းကျင်အချိန်တွင် ကျောက်မဲမြို့မြောက်ဘက် ၂မိုင်ခန့်အကွာရှိ SSPP ၏ ခေးစိပ်တပ်စခန်းကို TNLA က တိုက်ခိုက်လာသဖြင့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု SSPP နှင့်နီးစပ်သူ ဒေသခံတစ်ဦးက မဲခေါင်ကို ယနေ့ ဇွန်လ၁၆ရက် နံနက်ပိုင်းက ပြောသည်။
“ဒီကိစ္စက လွန်ခဲ့တဲ့ ၄၊ ၅ ရက်လောက်ကတည်းက TNLA က SSPP ကို ဖယ်ခိုင်းတာ၊ SSPP ကလည်း အရင်ကတည်းက သူတို့စခန်းမလို့ မဖယ်နိုင်ဘူးပေါ့။ အဲဒါနဲ့ မနေ့က ညနေ ၅ နာရီ ၂ မိနစ်မှာ အင်အား ၅၀ ကျော် ၆၀ လောက် တက်လာတာ၊ ည ၇ နာရီ ထပ်တက်လာတော့ အပြန်အလှန်ပစ်ကြရင်း TNLA က ၃ ယောက်ကျသွားတယ်။ SSPP ကတော့ မထိဘူး၊ TNLA က နောက်ဆုတ်သွားတယ်၊ ဒီမနက်အထိတော့ ထပ်ဖြစ်တာမရှိဘူး” ဟု ၎င်းကပြောသည်။
မဲခေါင်သတင်းဌာနအနေဖြင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုသတင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲဖြစ်ပွားသည့် ခေးစိပ်စခန်းသည် SSPP ၏ အထိုင်ချစခန်းကြီး ဟူးဆွန်နှင့် ဆက်စပ်နယ်မြေတစ်ခုနည်းဖြစ်ပြီး အင်အား ရာချီအခြေပြု လှုပ်ရှားနေကြောင်း သိရသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများက တရားဝင် ထုတ်ပြန်ချက်၊ အတည်ပြုချက်များ မရှိသေးသလို မဲခေါင်သတင်းဌာနမှလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။
အခြား သတင်းအရင်းအမြစ်တစ်ဦးကမူ ယင်းဖြစ်ဥ်တွင် SSPP က အရင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုများအတွက် ပြန်လည်တုံ့ပြန်သွားရန်ရှိနေသည်ဟု ဆိုသည်။
SSPP သည် ယခင်ကတည်းက ရှမ်းမြောက်တွင် အခိုင်အမာတပ်စခန်းများရှိရာက ၁၀၂၇ စစ်ဆင် ရေးများအတွင်း အချို့သောနယ်မြေများမှ ဖယ်ပေးခဲ့ရသဖြင့် လက်ရှိတွင် အခိုင်အမာ တပ်စခန်းအချို့သာကျန်ရှိနေသည်ဟု နီးစပ်သူ ဒေသခံကပြောသည်။
မဟာ
#MeKongNews
#ခေးစိပ်တပ်စခန်း
#ကျောက်မဲ
#SSPP
#TNLA








