မဲခေါင်၊ ဇွန် ၁၄
နာရီပိုင်းအတွင်း ရေ ၃ပေကျော် မြင့်တက်လာသဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ ရပ်ကွက်တချို့တွင် ဇွန်လ ၁၄ရက်နေ့လည်ပိုင်းတွင် မြို့ပေါ် ရေလွတ်ရာ ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၅ရက်ခန့်မှစတင်ကာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေလျှံကာ ညောင်ရွှေမြို့တွင်း ရပ်ကွက်အတော်များများ ရေတက်နေပြီး အဆိုးဆုံးနှင့် အစောဆုံး ရေမြုပ်သည့်ရပ်ကွက်မှာ မြေအနိမ့်ဆုံး ရပ်ကွက်ဖြစ်သည့် ကန်သာရပ်ဖြစ်သည်။
ယနေ့ ဇွန် ၁၄ ရက်နေ့တွင် ကန်သာရပ်တွင် ရေ ၃ ပေကျော်ထိတက်လာသဖြင့် အိမ်ထောင်စု ၁၀၀ ခန့် ညောင်ရွှေမြို့ပေါ် ဘုန်းကြီးကျောင်း ၅ ကျောင်းတွင် အသီးသီး ရေဘေးရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။
“လောလောဆယ် မြို့ပေါ်ရေမြုပ်တဲ့ရပ်ကွက်က အိမ်ထောင်စု ၁၀၀ ကျော် မြို့ပေါ်ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်းနေထိုင်နေပါတယ်။ ညောင်ရွှေမြို့ပေါ်ရပ်ကွက် ကံသာရပ်ကွက်က ရေမြုပ်တဲ့အိမ်တွေပါ” ဟု ကန်သာရပ်မှ ရေဘေးသင့်သူများ ပြောင်းရွှေ့နိုင်ရေး ကူညီပေးနေတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ရှေ့ရက်များကလည်း ကန်သာရပ်အပါအဝင် အခြား အိမ်ရေမြုပ်ပြီး ဆက်နေမရသော ဒေသခံများ ညောင်ရွှေမြို့၊ မြစေတီကျောင်းအတွင်း ခေတ္တနေထိုင်နေရကြောင်း သိရသည်။
ရွှေညောင်ဖက်မှ ညောင်ရွှေမြို့အဝင်က ပေါရိဿဒ်ရွာနှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် သာစည်ရပ်၊ ဝင်းရပ်၊ နန္ဒဝန်ရပ်တို့တွင် ယမန်နေ့ ဇွန် ၁၃ ရက် ညကတည်းက တဖြည်းဖြည်းရေတက်လာကြောင်းသိရသည်။ ဟူပင်ဟိုတယ် အနီး ယခင်လှေဆိပ်ဟောင်းနေရာမှာ လုံးဝရေမြုပ်သွားပြီဖြစ်သည်။
ရွှေညောင်ဖက်မှ ညောင်ရွှေမြို့သို့ ဆက်သွယ်ထားသည့်လမ်းအား ဆိုင်ကယ်များအသုံးပြုရန်မသင့်တော်တော့သဖြင့် အေးသာယာ၊ စက်မှုဇုန် မှ ညောင်ရွှေသို့ ဆက်သွယ်ထားသော လမ်းအား ပြောင်းလဲအသုံးပြုရန် ဒေသခံများက အကြံပေးထားကြသည်။
“ရွှေညောင်လမ်းခွဲ လမ်းကဆိုင်ကယ်ဖြတ်လို့ အဆင်မပြေတော့ဘူး၊ ကိစ္စရှိရင် စက်မှုဇုန်ဘက်က ပတ်လာကြပါ၊ အောင်ပန်း၊ ကလောဘက်သွားမယ်ဆိုလည်း စက်မှုဇုန်လမ်းကသာ သွားကြပါ” ဟု ညောင်ရွှေမြို့ခံ တစ်ဦးကဆိုသည်။
တောင်ကြီး တောင်ကျချောင်းများမှ စီးဆင်းလာသော ရေများသည် ကျီးဖြူကန်မှတဆင့် အင်းလေးကန်သို့လည်းကောင်း၊ ရွှေညောင် တာယောချောင်းမှ ရေများကလည်း အင်းလေးကန်အတွင်းသို့ပင် စီးဆင်းနေသလို ကလော၊ အောင်ပန်းဘက်မှ ရေများလည်း ချောင်းအသီးသီးမှတဆင့် အင်းလေးကန်သို့သာ ဝင်ရောက်နေသည်ဖြစ်ရာ ပတ်ပတ်လည် မြို့များမှ ရေများစီးဝင်ရာ ဖြစ်နေသည်။
အင်းလေးမှတဆင့် မိုးဗြဲဘက်ကို စီးဆင်းစေရန် မိုးဗြဲရေကာတာ မဖောက်ချပေးသည်မှာလည်း ညောင်ရွှေနှင့် အင်းလေးဒေသ နေအိမ်များ၊ လယ်များ ရေမြုပ်နေရခြင်း၏ အကြောင်းအရင်း တစ်ခုပင်ဖြစ်နေသည်။
မဟာ၊ နန်းမွန်း
#MeKongNews
#ညောင်ရွှေမြို့နယ်
#အင်းလေးကန်
#ရေကြီးနစ်မြုပ်
#ပေါရိဿဒ်ရွာ








