မဲခေါင်၊ ဇွန် ၁၄
ဇွန် ၁၃ ရက် အာရုံမတက်မီ အီရန်နိုင်ငံရှိ ပစ်မှတ် ၁၀၀ ကျော်ကို အစ္စရေးမှ ပစ်ခတ်တိုက်ခိုက်မှုမှာ တစ်ညတာတိုက်ခိုက်မှုဖြစ်သော်လည်း ဆယ်စုနှစ်တစ်ခုချီကာ ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး အငြိမ်းစားအမျိုးသမီးဗိုလ်ချုပ် မီရီအီဆင်က ဖွင့်ဟပြောကြားသွားခဲ့သည်။
အစ္စရေးသည် ဖိုက်တာဂျက်လေယာဉ် အစီး ၂၀၀ ကျော်သုံးပြီး အီရန်ရှိ နျူကလီးယားလက်နက် တည်ဆောက်ရာ အဆောက်အအုံများနှင့် ထိပ်တန်းအီရန် ဗိုလ်ချုပ်များရှိရာဆီသို့ ဒုံးကျည်နှင့်ဒရုန်းများစွာ အသုံးပြု တိုက်ခိုက်ခဲ့ရာ အီရန်အခေါင်အချုပ်ခေါင်းဆောင် အလီခါမီနီပြီးလျှင် ဒုတိယရာထူးအကြီးဆုံးဖြစ်သော ဗိုလ်ချုပ်မှူးကြီး မိုဟာမက်ဘက်ဂါရီ၊ အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်၏ ဗိုလ်ချုပ် ဟော့ဆိန်းဆလာမီ၊ ဗိုလ်ချုပ် ဂိုလာမာလီရာရှစ်တို့ သေဆုံးသလို အီရန် နျူကလီးယား သိပ္ပံပညာရှင် အနည်းဆုံး ၆ ဦးလည်း သေဆုံးကာ ၇၈ ဦးသေဆုံး၊ ၃၂၀ ကျော် ဒဏ်ရာရ ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုတွင် အစ္စရေးမော့ဆက်ထောက်လှမ်းရေးတပ်မှ ကွန်မန်ဒိုများသည် အီရန်နိုင်ငံ နယ်မြေထဲအထိ ဝင်ရောက်ပြီး အနီးကပ် ဒရုန်းများလွှတ်တင်ကာ အီရန်ဗိုလ်ချုပ်များရှိရာ pinpoint ထောက် ရှင်းလင်းသည့် ဗီဒီယို ရုပ်သံများလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
ထို့အခြေအနေနှင့်ပတ် သက်ပြီး အစ္စရေးစစ်ထောက်လှမ်းရေးတပ်တွင် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် မီရီအီဆင်က မိမိတို့ ကွန်မန်ဒိုများသည် အီရန် ဗိုလ်ချုပ်များကို pinpoint ထောက်ကာ အတိအကျ ရှင်းလင်းနိုင်မှုများအတွက် လပေါင်းများစွာကတည်းက အီရန်ထဲ စိမ့်ဝင်ရောက်ရှိကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် Rising Lion စစ်ဆင်ရေးဆိုလျှင် ယခု တစ်ညတာ တိုက်ခိုက်မှုဖြစ်သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုတာကာလကတည်းက စီမံကိန်းချ ပြင်ဆင် ခဲ့သည့် စစ်ဆင်ရေးဖြစ်ကြောင်း ဗြိတိန် The Sun သတင်းဌာနသို့ ဖွင့်ပြောသွားခဲ့သည်။
ကိုကလင်း
Ref:The Sun
#MeKongNews
#အစ္စရေး
#အီရန်
#ဒရုန်းတိုက်ခိုက်မှု
#နျူကလီးယား








