မဲခေါင်၊ ဇွန် ၅
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ – ILO ညီလာခံတွင် အာဏာသိမ်းစစ်ကောင်စီကို ပုဒ်မ ၃၃ (Article 33) အရ အရေးယူရန် ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်း ယနေ့ ဇွန်လ ၅ရက်၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် ညီလာခံသို့ တက်ရောက်နေသည့် NUG အသိအမှတ်ပြု မြန်မာနိုင်ငံအလုပ်ရှင်များအဖွဲ့ချုပ် – M.E.F ၏ အတွင်းရေးမှူး စာရေးဆရာဝေမှူးသွင်ထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီကို ILO ပုဒ်မ ၃၃ (Article 33) အရ အရေးယူရန် အဆိုကို ဘီလာရုစ်နှင့် ရုရှားကဲ့သို့ နိုင်ငံများက ကန့်ကွက်ပါက မဲခွဲဆုံးဖြတ်ရမည်ဖြစ်သော်လည်း ၎င်းတို့က ကန့်ကွက်ခြင်းမရှိသဖြင့် မဲခွဲစရာမလိုဘဲ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာဝေမှူးသွင်ကပြောသည်။
“(NUG ဘက်မှ) အလုပ်သမားကိုယ်စားလှယ် ဦးမောင်မောင်က မလာနိုင်ဘဲ ညီလာခံမှာ မိန့်ခွန်း (အွန်လိုင်းမှတဆင့်) ပြောတော့ ပုံမှာ NUG တွေ၊ NUCC တွေ လိုဂိုပါတော့ ရုရှားက အကြီးအကျယ်စိတ်ဆိုးပြီး ကန့်ကွက်တယ်။ ကန့်ကွက်တယ်ဆိုတာ တရားဝင်ကန့်ကွက်တာမဟုတ်ဘူး။ အောက်ခြေမှာပဲကန့်ကွက်တာပေါ့” ဟု ၎င်းက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ILO ၏ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ တို့ကို ချိုးဖောက်နေသည့်အတွက် စစ်ကောင်စီကို အရေးယူရန် NUGနှင့် အလုပ်သမားအဖွဲ့အစည်းများက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ILO ပုဒ်မ ၃၃ (Article 33) အရ ၂၀၀၀ ပြည့်နှစ်ကလည်း အရေးယူခံရဖူးပြီး ထိုစဉ်က ပြဋ္ဌာန်းချက်အမှတ် ၂၉ အဓမ္မခိုင်းစေမှုကို ကျူးလွန်နေကြောင်းတွေ့ရှိသည့်အတွက် အရေးယူခံရခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်မှသာ ပြန်လည်ပယ်ဖျက်ခံရခြင်းဖြစ်သည်။
ယခုတစ်ကြိမ် ILO ပုဒ်မ ၃၃ (Article 33) အရ စစ်ကောင်စီကို အရေးယူနိုင်ပါက ပြင်းထန်သည့် ပိတ်ဆို့မှုများ စစ်ကောင်စီအနေဖြင့် ကြုံတွေ့ရမည်ဖြစ်ပြီး ILO အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ပိတ်ဆို့မှုကို ခံရနိုင်ဖွယ်ရှိကြောင်း အလုပ်သမားရေးရာ ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
#MeKongNews
#Article33
#ILO
#အလုပ်သမားသမဂ္ဂ
#အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်
#စစ်ကောင်စီ








