မဲခေါင်၊ ဇွန် ၄
မေ ၂၈ ရက် နှစ်နိုင်ငံ နယ်စပ်၌ ပစ်ခတ်မှုမှ အစပျိုးလာခဲ့သော ထိုင်းနှင့် ကမ္ဘောဒီးယားစစ်တပ်တို့ကြား အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်နေရာ ကမ္ဘောဒီးယားဘက်မှ ထိုင်းစပိုင်ဒရုန်းများ နယ်မြေကျော်ဝင်သည်ဟု ထုတ်ပြန်နေကြခြင်းအပေါ် ထိုင်းတပ်မတော်က ငြင်းဆိုသွားခဲ့သည်။
ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suvari က ကမ္ဘောဒီးယားစစ်သားများ အခြေအနေကို စပိုင်ဒရုန်းများစေလွှတ်ပြီး နယ်မြေကျော်သွားကြည့်ရန်ပင်မလိုဘဲ ကမ္ဘောဒီးယား မီဒီယာနှင့် လူမှုကွန်ရက်များပေါ်မှာတင် ၎င်းတို့ သွားလာလှုပ်ရှားနေသော မြင်ကွင်းများကို မြင်တွေ့နေရသည်ဟု ငြင်းဆိုပြောကြားခဲ့သည်။
ကမ္ဘောဒီးယား Fresh News TV တွင် ကမ္ဘောဒီးယား စစ်သည် ၃ ဦးကိုမြင်ရပြီး တစ်ဦးမှာ လက်ထဲ ဒရုန်းတစ်ခုကို ကိုင်ထားကာ ကျူးကျော်ဝင်ရောက်လာသော ဒရုန်းတစ်စီးအား ပစ်ချခဲ့ပြီး ထိုင်း ဒရုန်း ဖြစ်သည်ဟု ပြောဆိုသည်များ ပါဝင်ခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်ပြီးလည်း ထိုင်းဗိုလ်ချုပ် Winthai Suvari က ကမ္ဘောဒီးယားမီဒီယာများ ထုတ်ပြန်နေသော သတင်များမှာ အမှားများသာဖြစ်ကြောင်းနှင့် ၎င်းတို့ ပစ်ချပြီး ရရှိသည်ဟု ဖော်ပြသည့် ဒရုန်းသည်လည်း ထိုင်းပိုင် ဒရုန်မဟုတ်ကြောင်း၊ နယ်စပ်တွင် နှစ်ဖက်စလုံး၌ ဒရုန်းများရှိနေသည်ဖြစ်သောကြောင့် လုပ်ကြံသတင်းများကို မယုံရန်လည်း ပြောဆိုခဲ့သည်။
သို့သော် ထိုင်းတော်ဝင်လေတပ်သည် အငြင်းပွားမှုဖြင့် တင်းမာနေသည့် နယ်စပ် ချွန်ဘွတ်ခ်ဒေသ၌ ကာကွယ်ရေးနည်းပညာသိပ္ပံမှ ကိုယ်တိုင်တီထွင်ထားသော M4 ကာဘိုင်တပ် ဒရုန်းများကို အဆိုပါ ဒေသအနီး အောင်မြင်စွာ လက်တွေ့ စမ်းသပ် လေ့ကျင့်နေသည်ဟု ထုတ်ပြန်ထားသည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်မြေအငြင်းပွားမှု
#နယ်စပ်ဒေသ
#စပိုင်ဒရုန်း








