မဲခေါင်၊ ဇွန်လ ၃
ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်ရှင်းလင်းခြင်း၊ သယံဇာတ အလွန်အကျွံ တူးဖော်မှု၊ စိုက်ခင်းဧက တိုးချဲ့ခြင်းတို့ကြောင့် ရှမ်းပြည်တွင် သစ်တောပြုန်းတီးမှု မြင့်မားကာ ဖုံးလွမ်းမှုသည် ၂၃ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။
ရှမ်းပြည် မြေအကျယ်ဧရိယာသည် ဧက ၃၈ သန်းကျော် ရှိသော်လည်း သစ်တောဖုံးလွှမ်းမှု သည် ဧက ၉ သန်းကျော်သာ ကျန်ရှိတော့ကြောင်း ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ သစ်တောဖုံးလွမ်းမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
မြေပုံဒေတာ အချက်အလက်များအရ ၁၉၇၅ ခုနှစ်က ရှမ်းပြည်မြေဧရိယာ ၉၀ ရာခိုင်နှုန်းသည် သစ်တောများ ဖုံးလွမ်းခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ၂၃ ရာခိုင်နှုန်းကျော်သာ ကျန်ရှိတေ့ာခြင်းဖြစ်သည်။
ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း/ခုတ်ထွင်ခြင်း နှင့် မီးရှို့ခြင်း၊ သယံဇာတသတ္တုတူးဖော်မှု အလွန်အကျွံ ထုတ်ယူခြင်း၊ သစ်တောသစ်ပင်ကြီးများကို ခုတ်ထွင်ပြီး ရော်ဘာ၊ လက်ဖက်၊ ဆီအုန်း ကဲ့သို့သော စိုက်ပျိုးရေးအတွက် စိုက်ခင်းအများအပြားပေးခြင်း၊ တရားမဝင် သစ်ကုန်သည်များနှင့် လက်ရှိပဋိပက္ခအခြေအနေတွင် ကောင်းမွန်သည့် အုပ်ချုပ်မှုမရှိခြင်းတို့က ရှမ်းပြည်ရှိ သစ်တောပြုန်းတီးမှု မြင့်မားလာရခြင်း၏ အဓိက လက်သည်များဖြစ်ကြောင်း ရှမ်းပြည်ဒေသခံ ပတ်ဝန်းကျင်ရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ် မြန်မာနိုင်ငံသစ်တောဖုံးလွမ်းမှုဆိုင်ရာ အချက်အလက်အရ ရှမ်းပြည် မြေဧရိယာ အကျယ်အဝန်းသည် ဧက ၃၈ သန်းကျော် ဧက ရှိပြီး သစ်တောဖုံးလွမ်းမှု ၇၀ ရာခိုင်နှုန်း အထက်ရှိသည့် ရွက်အုပ်ပိတ်တော် – Close Forest ဧက ၃ သန်းကျော်နှင့် သစ်တောဖုံးလွမ်းမှု ၁၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိရှိသည့် ရွက်အုပ်ပွင့်တော – Open Forest ဧက ၆ သန်းကျော်သာ ကျန်ရှိနေတော့ကြောင်း မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သစ်တောအဖြစ် သတ်မှတ်ထား၍ မရတော့သည့် Other Wooded Land မှာ ဧက ၁၇.၆ သန်းအထိ ရှိလာနေပြီး သစ်တောမရှိတော့သည့် တခြားမြေဧက မှာ ၁၁.၄ သန်းကျော် ရှိနေပြီဖြစ်ကြောင်း တွေ့ရှိရသည်။
“တောင်ကြီးမြို့နယ်က စိုးရိမ်စရာပါ။ Other Wooded Land တွေမှာ သစ်တောဂေဟစနစ် ပြန်ဖုံးလွမ်းဖို့ လိုတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက ၎င်း၏ အမြင်ကို မျှဝေသည်။
ရှမ်းပြည် အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသတချို့တွင်သာ သစ်တောတချို့ ကျန်ရှိနေပြီး ရှမ်းပြည်တောင်ပိုင်းဒေသတွင် သစ်တောဟု ယူဆ၍မရတော့သည့် နေရာအများစု ဖြစ်လာနေသည်ကို မြေပုံဖော်ပြချက်အရ တွေ့ရှိရသည်။
နှစ်ပေါင်း ၅၀ အတွင်း ရှမ်းပြည် သစ်တောမြေ ဧရိယာ ၇၅ ရာခိုင်နှုန်းခန့်မှာ ပျောက်ကွယ်သွားသည့် အခြေအနေကို မြင်တွေ့ရသည်။
“အဓိကကတော့ သတ္ထုတူးဖော်မူ့ကြောင့် ပိုပြီး ဆိုးမယ်လို့ ယူဆပါတယ်။ ရေအရင်းအမြစ်တွေ၊ ရေဦးရေထွက်တွေကို ထိခိုက်နိုင်ပါတယ်” ဟု ရှမ်းပြည်ဒေသခံ ပတ်ဝန်းကျင်ရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။
သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်အတွက် ရိုးရာတောင်ယာစိုက်ပျိုးမှုအစား သစ်တောရောနှော စိုက်ပျိုးရေး ပုံစံကို ပြောင်းရန် အာဏာပိုင်များက စနစ်တကျဆောင်ရွက်ပေးခြင်း၊ သဘာဝ သစ်တောနယ်မြေများ ကို စနစ်တကျ ထိန်းသိမ်းရန်လိုအပ်သလို သစ်တောထိန်းသိမ်း နယ်မြေများကို အများပြည်သူ၊ ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုများနှင့် တိုင်ပင်ပြီး ကိုယ်တိုင်ပါဝင်သည့် ထိန်းသိမ်သစ်တော နယ်မြေအဖြစ်သေခြာသတ်မှတ်ခြင်း၊ EAOs ထိန်းချုပ်ဧရိယာ အတွင်း ကျရောက်နေသည့် သစ်တောနယ်မြေများကို EAOs များကိုယ်တိုင် စီမံခန့်ခွဲနိုင်ပြီး ဒေသနေလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင်သူများက အဆိုပြုထားသည်။
မြန်မာနိုင်ငံမြေဧရိယာ စုစုပေါင်းသည်လည်း ဧက ၁၆၇ သန်းကျော် ရှိပြီး ရွက်အုပ်ပိတ်တော – Close forest ဧက ၁၅ သန်းကျော်၊ ရွက်အုပ်ပွင့်တော – Open Forest ဧက ၄၃ သန်းကျော်သာ ကျန်ရှိတော့သည်ဖြစ်ရာ နိုင်ငံတဝှမ်းသစ်တောဖုံးလွမ်းမှုသည်လည်း ၃၄ ရာခိုင်နှုန်းကျော်သာ ကျန်ရှိတော့သည်။
ဖေသန်း
#MeKongNews
#ရှမ်းပြည်
#သစ်တောဖုံးလွှမ်းမှု
#သစ်တောပြုန်းတီးမှု
#ပတ်ဝန်းကျင်ထိန်းသိမ်းရေး








