မဲခေါင်၊ ဇွန် ၁
PNLA ရဲဘော် ၄ ဦးကို စကစနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင်ကို ဂျပန်သတင်းဌာန တစ်ခုဖြစ်သည့် ကျိုဒိုက ယမန်နေ့ မေလ ၃၁ ရက်တွင် ဖော်ပြလာသည်။
ယင်းဖော်ပြချက်တွင် ရှမ်းပြည်၊ ဆီဆိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ကွပ်မျက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဗီဒီယိုကို စစ်တပ်က ရိုက်ကူးထားကာ ရှေ့တန်းက ဖမ်းဆီးရမိသည့် စစ်သားတစ်ယောက်၏ဖုန်းထဲမှ သိမ်းဆည်းရမိထားခြင်းဟု ဆိုသည်။
စစ်ကောင်စီ ယူနီဖောင်းဝတ်ဆင်ထားသော စစ်သားများက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုမှ ခုခံမှုမရှိသော အကျဉ်းသား ၄ ဦးအား အနောက်မှ ပစ်ခတ်၍ သေဒဏ်ပေးခဲ့ခြင်းဟု ဖော်ပြထားသည်။
ဗီဒီယိုရုပ်သံအတွင်း ပစ်သတ်ခံရသူမှာ ၄ ဦး ဖြစ်ပြီး အခြားတစ်ဦးကို ယင်းနေ့တွင်ပင် အခြားတစ်နေရာ၌ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံက မဲခေါင်ကို ယနေ့ ဇွန်လ ၁ ရက်တွင် ပြောသည်။
ကျိုဒိုသတင်းပါ ရုပ်သံဖိုင်သတင်းနှင့်ပတ်သက်၍ PNFC ဥက္ကဌ ခွန်မြင့်ထွန်း ကမူ စစ်ရာဇဝတ်မှုအဖြစ်ရှုံ့ချပြီး စစ်ကောင်စီက တစ်နိုင်လုံးတွင် ယင်းကဲ့သို့ ကျုးလွန်နေသည်ဟု ဆိုသည်။
အသတ်ခံရသူများမှာ ဆီဆိုင်မြို့နယ်၊ လွယ်ဆောင်ရွာမှ ဒုဗိုလ် ခွန်ကျပ်၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံရွာမှ တပ်စိတ်မှူး ခွန်မွေး၊ တောင်ကြီးမြို့နယ် ထီခေါင် ပင်တွန်းရွာမှ ဒုတပ်စိတ်မှူး ခွန်ထွန်းငွေ၊ တောင်ကြီးမြို့နယ် ပင်တွန်းရွာမှ ရဲဘော်ခွန်ဦး၊ ဆီဆိုင်မြို့နယ် နောင်ထောဝ်ရွာမှ ရဲဘော်နေလင်းတို့ ၅ ဦးဖြစ်ကြောင်း PNFC ဥက္ကဌက ပြောသည်။
ယခုကဲ့သို့ စစ်ရာဇဝတ်မှုအများအပြားကို ကျူးလွန်နေသည့် PNO သည် ကိုယ်ကျိုးကြည့် ခရိုနီနေဝင်းထွန်းနှင့် ခေါင်းဆောင်များကြောင့် ပြုလုပ်နေခြင်းဖြစ်သည့်အတွက် လက်စားချေမှုအစား ကာကွယ်ခုခံရန်သာ သဘောထားပြီး စစ်အာဏာရှင်စနစ်မှ စနစ်သစ်အမြင်မှန်ရရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ကျိုဒိုသတင်းဌာနက ဖော်ပြသည့် ဖြစ်စဥ်မှာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ ပူးပေါင်းစစ်ကြောင်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုအတွင်း ရန်သူဘက်မှ စစ်ကြောင်းမှူး တစ်ဦးအပါအဝင် ၂၀ ထက်မနည်းကျဆုံးခဲ့ပြီး PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် တစ်ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ယင်းဖမ်းဆီးခံရသည့် ရဲဘော် ၅ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း PNO ပြည်သူ့စစ်က PNLO တပ်ဖွဲ့ဝင် ၅ဦးကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့သေးသည်။
မဟာ
#MeKongNews
#PNLO
#PNO
#စစ်ကောင်စီ
#ဆီဆိုင်မြို့နယ်








