မဲခေါင်၊ ဇွန် ၁
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်နှင့် မိုင်းဖြတ်မြို့တွင် လိုင်စင်မဲ့ယာဥ်များကို ဖမ်းဆီးရန် တာချီလိတ်ခရိုင်ရဲရုံးက မေ ၃၀ ရက်တွင် စာထုတ်ညွှန်ကြားထားသည်။
မေလ ၃၀ ရက်တွင် ထုတ်ပြန်သည့် ယင်းစာတွင် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့များကိုယ်တိုင် ဌာနဆိုင်များနှင့် ပူးပေါင်းဖမ်းပြီး အများပြည်သူသွားလမ်းများနှင့် ကားအရောင်းခန်းမ Showroom များမှ လိုင်စင်မဲ့ကားများကို ဖမ်းဆီးရန်နှင့် နေ့စဥ် ညနေ ၄ နာရီအချိန်တိုင်း လုပ်ဆောင်မှု ဓာတ်ပုံမှတ်တမ်းနှင့်အတူ တင်ပြသွားရန် ပါရှိသည်။
ရှမ်းပြည်အတွင်းရှိ အခြားမြို့များနည်းတူ တာချီလိတ်မြို့တွင်လည်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမည်ဆိုသည့်အတွက် လူသွားလူလာ ရှင်းလင်းသွားကြောင်း ဒေသခံများထံမှ သိရသည်။
“လောလောဆယ်တော့ ကားတွေ ရှင်းသွားတယ်။ လူစုနေတယ်လည်း ကြားတယ်။ စက်မှုဇုံဘက်လည်း ကားတွေရှင်းနေတယ်။ ဟုတ်မဟုတ်တော့ မသိဘူး၊ အခြားက လာဖမ်းမယ်ပြောတာပဲ။ အရင်ကလည်း ကျိုင်းတုံက လာဖမ်းတာလေ” ဟု မကာဟိုခမ်းရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ယနေ့ ဇွန်လ ၁ ရက်တွင် ပြောသည်။
မိုင်းဆတ်တွင်လည်း လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမည်ဆိုသည့် သတင်းများကြောင့် ဒေသခံအများစုမှာ ယာဉ်များ ထုတ်မမောင်းဘဲနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်ကပြုလုပ်သည့် ရှမ်းအစိုးရအစည်းအဝေးတွင် စစ်ဖက်၊ ရဲဖက်၊ ကျန်သည့် အရပ်ဖက်ဌာနများတွင် ဦးစီးနှင့် ညွှန်မှူးအဆင့်များမှလွဲ၍ အခြားအဆင့်များ၏ လိုင်စင်မဲ့ကားများကိုပါ ဖမ်းဆီးရမည်ဟု ညွှန်ကြားထားကြောင်း ပြည်နယ်အစိုးရရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရာထူးနိမ့်တွေရဲ့ ကားတွေကိုပါ စစ်ဆေးပိုင်ခွင့်ရှိတဲ့အပြင် အဆိုပါ ကားတွေရဲ့ ကားရှေ့မှန်မှာ ပညာရေး၊ ကျန်းမာရေး၊ သစ်တော၊ ပြည်ထဲရေး၊ စည်ပင် အစရှိတဲ့ ဘယ်ဌာနရဲ့ လိုဂိုနေနေ ဘယ်သူကြီး၊ ဘယ်ဝါကြီးရဲ့ ဘာနေနေ အကုန်ဆွဲစိခွင့်ရှိမယ်၊ တစ်လ အသိမ်းခံရမယ်။ ပြီးရင် ဌာနကနေ အဆင့်ဆင့် ဒဏ်ကြေးပေးဆောင်ပြီး ပြန်လည်အသုံးပြုခွင့်ရမယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ပြည်သူများ မောင်းနှင်သည့် လိုင်စင်မဲ့ကားများကိုမူ အပြီးသိမ်းဆည်းခံရမှာဖြစ်ပြီး ပြန်လည် ရွေးထုတ်ပေးခြင်း မရှိစေသည့်အပြင် မောင်းပြေး၍ မိခဲ့ပါက လူကိုထောင်ဒဏ် သို့မဟုတ် ဒဏ်ငွေ ကြီးလေးစွာ ပေးဆောင်စေရန် သတ်မှတ်ထားကြောင်းနှင့် လိုအပ်ပါက ရပ်ကွက်၊ ကားရေဆေးစင်၊ ကားပြုပြင်ရေးတွေအထိပါ ဝင်ရောက်၍ စစ်ဆေးပြီး ထိန်းသိမ်းပိုင်ခွင့် ရှိရမည်ဟု သိရသည်။
မဟာ
#MeKongNews
#တာချီလိတ်
#မိုင်းဖြတ်
#ရှမ်းအရှေ့
#လိုင်စင်မဲ့ယာဉ်
#ဖမ်းဆီး








