မဲခေါင်၊ မေ ၃၁
စစ်ကောင်စီပြန်လည်ထိန်းချုပ် နေသည့် လားရှိုးမြို့တွင် မနက်ဖြန် ဇွန်လ ၁ ရက်မှ စတင်ကာ လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးမည်ဟု ကြေညာကြောင်း ဒေသခံများထံက သိရသည်။
မေလ ၂၉ ရက်နေ့မှ စတင်ကာ လားရှိူးရဲတပ်ဖွဲ့သည် ယဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းရေးအတွက် လိုက်လံသတိပေးမှုများ လုပ်ဆောင်နေရာမှ မနက်ဖြန် ဇွန်လ ၁ ရက်မှစပီး လိုင်စင်မဲ့ယာဉ်များကို စတင်အရေးယူတော့မည်ဖြစ်ကြောင်း ယနေ့ မေလ၃၁ရက်တွင် ကြေညာလာခြင်းဖြစ်သည်။
စစ်ကောင်စီ လားရှိုးမြို့ကို ပြန်လည်အုပ်ချုပ်သည့် တစ်လကျော်အတွင်း ခိုးမှု၊ လုယက်မှု၊ ဓားပြမှုများ အများအပြားဖြစ်ပွားလာပြီး ယင်းဒုစရိုက်မှုများကို တစ်မှုမျှ ဖမ်းဆီးနိုင်ခြင်းမရှိဘဲ အများပြည်သူ စီးနင်းနေသည့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရန် ကြိုးပမ်းခြင်းမှာ စိတ်ပျက်စရာဖြစ်ကြောင်း ဒေသခံများက ဝေဖန်သည်။
“လူထုကို ဘယ်လို ဒုက္ခပေးရမလည်းပဲ လုပ်နေတယ်။ ဓားပြသူခိုးတွေတော့ မဖမ်းနိုင်ဘူး။ ဒီမှာဘယ်သူမှ လိုင်စင်နဲ့ မစီးဘူး။ ခုမြို့ကို ပြန်ထူထောင်နေတာ လူတိုင်း ပြာပုံထဲက ထလာနေရတာ၊ ပြည်သူချစ်အောင်မလုပ်ပဲ မုန်းအောင်ပဲ မျိုးစုံလုပ်နေတယ်”ဟု လားရှိုး ရပ်ကွက် (၅) နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
လားရှိုးမြို့တွင် နေထိုင်သူများအနေဖြင့် ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ထားသည့် လားရှိုးမြို့ပြင်တွင် ကိုးကန့်လိုင်စင်ပါမှသာ စီးနင်းခွင့်ရပြီး မြို့တွင်း၌ စစ်ကောင်စီလိုင်စင်ပါ ထပ်လုပ်ရပါက အဆင်မပြေကြောင်း၊ ပြည်သူလုထုကို သပ်သပ်ဒုက္ခပေးခြင်းဖြစ်ကြောင်း ရပ်ကွက် (၁) နေသူ တစ်ဦးက မဲခေါင်ကို ပြောသည်။
လက်ရှိ လားရှိုးအခြေအနေမှာ လားရှိုးတက္ကသိုလ်အခြေပြု ရမခစစ်တိုင်းနှင့် ထပရ ၆၂၆ စသည့် နေရာများအတွင်း အင်အား ၃၀၀၀ မျှနှင့် ရဲစခန်း ၂ခု တို့မှာသာ အင်အားရှိနေပြီး ပြည်သူလူထုကို ကာကွယ်ရန်ထက် ၎င်းတို့လုံခြုံရေးအတွက်သာ အားထုတ်နေရချိန်ဖြစ်သည်။ ဤကဲ့သို့အခြေအနေတွင် စစ်ကောင်စီက စစ်ကောင်စီဥက္ကဌ၏ ပြောကြားချက်အတိုင်း ယခုလို ပြည်သူအများစုအသုံးပြုနေသည့် ယာဥ်းများကို ဖမ်းဆီးရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
မဟာ
#MeKongNews
#လားရှိုး
#လိုင်စင်မဲ့ယာဉ်
#ဒုစရိုက်မှု
#စစ်ကောင်စီ








