~ CWM ~
အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ စစ်ဖြစ်ကြပြီဆိုတဲ့သတင်းက သက်ကြီးပိုင်းအရွယ်တွေအတွက် သိပ်ထူးဆန်းလှတယ်မဆိုနိုင်ပေမယ့် ဒီဘက်ခေတ်မျိုးဆက်သစ်လူငယ်တွေအတွက်တော့ အဆန်းတကြယ်ဖြစ်နိုင်ပါတယ်။ တစ်နိုင်ငံနဲ့ တနိုင်ငံစစ်ဖြစ်ကြတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲမဟုတ်လား။ ယူကရိန်းစစ်ပွဲ ဂါဇာစစ်ပွဲတို့က on going စစ်ပွဲတွေဖြစ်ပြီး စစ်လည်းတာရှည်နေပြီ။
လူကြီးပိုင်းတွေအဖို့တော့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲက ဟိုးအရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတာမို့ သိပ်ဆန်းတယ်လို့ မဆိုနိုင်ဘူး။ အထူးသဖြင့် သမိုင်းကြောင်းတလျှောက် အိန္ဒိယ နဲ့ ပါကစ္စတန်ဟာ ဗြိတိသျှဆီက လွတ်လပ်ရေးရရှိခဲ့တဲ့ ၁၉၄၇-၄၈ကစပြီး ၁၉၆၅ မှာတကြိမ်၊ ၁၉၇၁ မှာတကြိမ်၊ ၁၉၉၉မှာ တကြိမ် စစ်ပွဲတွေဖြစ်ခဲ့ကြတယ်။ ၁၉၆၅၊ ၁၉၇၁ စစ်ပွဲတွေတုန်းကလည်း နှစ်နိုင်ငံ အကြီးအကျယ် အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးမှာ အပစ်အခတ်ရပ်စဲ ပြီးဆုံးသွားခဲ့တာချည်းပါပဲ။
ဒီတခေါက် စစ်ပွဲကတော့ သိပ်မကြာလိုက်ဘူး။ မေလ(၇)ရက်ကနေ (၁၁) ရက်နေ့အထိပဲဆိုတော့ လေးရက်ပဲ ကြာတယ်။ လေးရက်ကြာစစ်ပွဲ ရုတ်တရက် ပြီးဆုံးသွားတော့ ဒီစစ်ပွဲ ဘယ်သူနိုင်သလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာတယ်။ စစ်ပွဲသတင်းစိတ်ဝင်စားသူတွေက ဒီစစ်ပွဲမှာ ဘယ်သူနိုင်သွားသလဲဆိုတဲ့ ထင်မြင်ချက်တွေ အမျိုးမျိုးပေးကြတယ်။ လေးရက်ပဲ ကြာလိုက်တဲ့ စစ်ပွဲမှာ အိန္ဒိယဘက်က အဆင့်မြင့် ဂျက်တိုက်လေယာဉ် ငါးစီး ပစ်ချခံခဲ့ရတယ်။ ပါကစ္စတန်လေတပ် တိုက်လေယာဉ်တွေက ပစ်ချလိုက်တာပါ။
ဒီအချက်ကို ကြည့်ပြီး ဒီစစ်ပွဲမှာ ပါကစ္စတန်က နိုင်သွားတယ်လို့ အများစုက သုံးသပ်ကြတယ်။ ဒီသုံးသပ်ချက်က မှန်ကန်တယ်လို့ ဆိုရမယ်။ အိန္ဒိယက ” ဆင်ဒူး” စစ်ဆင်ရေးလို့ နာမည်ပေးပြီး စတင်ခဲ့တဲ့ စစ်ပွဲမှာ တစ်နာရီအတွင်း အိန္ဒိယလေတပ် လေယာဉ် ငါးစီး ပစ်ချခံလိုက်ရတယ်။ တန်ဖိုးအားဖြင့် တွက်မယ်ဆိုရင် ဒေါ်လာ ဘီလျံချီတဲ့ ဆုံးရှုံးမှုပဲ။ ပစ်ချခံလိုက်ရတဲ့ လေယာဉ်တွေကလည်း တန်ဘိုးကြီး အဆင့်မြင့် ပြင်သစ်နိုင်ငံလုပ် နောက်ဆုံးပေါ် Rafael အမျိုးအစား တိုက်လေယာဉ် သုံးစီး။ ရုရှားလုပ် Mig-29 တစီး။ Su-30 တစီး။ အိန္ဒိယလေတပ်ရဲ့ဆုံးရှုံးမှုဖြစ်သလို ဒီစစ်ပွဲမှာ အရေးနိမ့်မှုလည်းဖြစ်တယ်။
ဒီလေယာဉ်တွေကို ပစ်ချခဲ့တာက ပါကစ္စတန်ရဲ့ တရုတ်နိုင်ငံထုတ် J-10 နဲ့ J-17 တိုက်လေယာဉ်တွေ။ ပါကစ္စတန် တိုက်လေယာဉ်တွေအတွက် တရုတ်နိုင်ငံက အသံထက်အဆများစွာမြန်တဲ့ ဒုံးပျံတွေပေးပို့ထားပြီး ဒီဒုံးပျံတွေကြောင့် အိန္ဒိယတိုက်လေယာဉ်တွေ ပစ်ချခံရတာလို့ ဆိုတယ်။
စစ်ပွဲက လေးရက်သာကြာပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရ မေလ(၁၁)ရက်မှာ နှစ်ဖက်အပစ်အခတ် ရပ်စဲသွားတယ်။ စစ်ပွဲပြီးဆုံးတဲ့အခါ ပါကစ္စတန်လေတပ်ရဲ့ လက်ချက်နဲ့ အိန္ဒိယတိုက်လေယာဉ်တွေ ပစ်ချခံရတဲ့သတင်းက ရှေ့တန်းရောက်လာပြီး ဒီစစ်ပွဲမှာ ပါကစ္စတန်က အနိုင်ရသွားတယ်လို့ သုံးသပ်မှုတွေ ရှိလာတယ်။
ကမ္ဘာ့စစ်လက်နက်ဈေးကွက်မှာ တရုတ်တိုက်လေယာဉ်နဲ့ ဒုံးပျံတွေက နာမည်ကောင်းရသွားပြီး အိန္ဒိယရဲ့ ပြင်သစ်လုပ် ရာဖေးလ်တိုက်လေယာဉ်တွေ ဈေးကျသွားတယ်။ အိန္ဒိယက အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်အားလုံးကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပေမယ့် တိုက်လေယာဉ် ငါးစီးပစ်ချခံလိုက်ရတဲ့အတွက် ဆုံးရှုံးမှု ကြီးမားခဲ့တယ်။
အိန္ဒိယ နဲ့ ပါကစ္စတန် တို့ရဲ့ တိုတောင်းတဲ့ စစ်ပွဲဟာ ဒီမှာပဲ ပြီးဆုံးသွားမလား။ ခဏတာပြီးဆုံးသွားတာဖြစ်ပေမယ့် ဒီစစ်ပွဲမျိုးဟာ တချိန်ချိန်မှာ ထပ်မံဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြတယ်။ သမိုင်းတလျှောက်မှာလည်း အကြိမ်ကြိမ်စစ်ပွဲတွေ ဆင်နွှဲခဲ့ကြပြီးပြီ။ မေလ(၇)ရက် စစ်ပွဲဟာ ဧပြီ(၂၂)ရက်က အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားမှာ အိန္ဒိယနိုင်ငံသား (၂၆)ဦးကို ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာတာဖြစ်တယ်။ အိန္ဒိယက ဒီသတ်ဖြတ်မှုဟာ ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေရဲ့ လက်ချက်လို့ စွပ်စွဲပေမယ့် ပါကစ္စတန်ကတော့ ငြင်းဆန်ခဲ့တယ်။
အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ကြား ခုလို ပဋိပက္ခတွေဟာ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ တောက်လျှောက် ဖြစ်နေခဲ့တယ်။ နှစ်နိုင်ငံရဲ့အခြေအနေကို အနီးကပ်ကြည့်လိုက်တဲ့အခါ ပါကစ္စတန်ဟာ အဖက်ဖက်က အခြေအနေဆိုးရွားနေခဲ့တယ်။ စီးပွားရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေရသလို ဒီမိုကရေစီကိုလည်း စစ်တပ်က လက်ဝါးကြီးအုပ်ထားတယ်။ ဆိုးရွားတဲ့အချက်တချက်က ပါကစ္စတန်ဟာ သူ့မြေပေါ်မှာ လက်ရှ်ကာ အီးတိုင်ဘာ( Lashkar e-Taiba ) လို အကြမ်းဖက်အဖွဲ့တွေကို ခိုလှုံခွင့်ပေးထားတာဖြစ်တယ်။ ဒီအဖွဲ့ဟာ အိန္ဒိယမှာ သွေးချောင်းစီးအကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ သာဓကတွေ ရှိတယ်။ အာဖဂန်နစ္စတန်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအပါအဝင် ပါကစ္စတန်နိုင်ငံထဲမှာ တခြားအကြမ်းဖက်အဖွဲ့တွေ ရှိနေပြီး သူတို့လက်ချက်နဲ့ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန် ၁၆၁၂ ဦးအသက်ဆုံးရှုံးခဲ့ရတယ်။ ပါကစ္စတန်က ခုလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်မှာအိန္ဒိယက စီးပွားရေးတိုးတက်နေပြီး တမျိုးသားလုံးထုတ်ကုန်ပမာဏ GDP က ပါကစ္စတန်ထက် (၁၀)ဆ များလာခဲ့တယ်။
လက်နက်သစ်တွေကလည်း ပဋိပက္ခကို အပြောင်းအလဲဖြစ်စေတယ်။ အိန္ဒိယက အဆင့်မြင့် ပြင်သစ်လေယာဉ်တွေ၊ ဒရုန်းတွေ အားဖြည့်နေချိန်မှာ ပါကစ္စတန်က ဈေးချိုတဲ့ တရုတ်
လေယာဉ်နဲ့ လက်နက်တွေကို ဝယ်ယူနေရတယ်။ ပါကစ္စတန်ရဲ့ လက်နက်ဝယ်ယူမှု ၈၁%ဟာ တရုတ်နိုင်ငံက ဖြစ်တယ်။ အာဖဂန်မှာ တာလီဘန်တွေ အာဏာပြန်ရသွားပြီး အကြမ်းဖက်စစ်ပွဲလည်းပြီးဆုံးသွားတဲ့အခါ အမေရိကန်နဲ့ ဥရောပဟာ ပါကစ္စတန်ကို ဂရုတစိုက်မရှိတော့ဘူး။
မတည်ငြိမ်တဲ့ပါကစ္စတန်၊ လက်နက်ယှဉ်ပြိုင်မှုနဲ့ ပြင်ပနိုင်ငံတွေက လျစ်လျူရှုထားမှုတို့ဟာ အန္တရာယ်ကြီးလှတယ်။ ကံအားလျော်စွာပဲ ဧပြီ(၂၂)ရက်ကတည်းက စစ်ရေးတင်းမာမှုဟာ လေးရက်ကြာအပြန်အလှန် စစ်ပွဲဖြစ်ခဲ့ပြီး ပြီးဆုံးသွားခဲ့တယ်။ အိန္ဒိယဘက်က အကြမ်းဖက်
အဖွဲ့ရဲ့ ပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်ခဲ့သလို ပါကစ္စတန်ဘက်ကလည်း အိန္ဒိယထိန်းချုပ်ကက်ရှ်မီးယားဒေသကိုပဲ ပြန်လည်တိုက်ခိုက်ခဲ့တယ်။
ကံအကြောင်းမလှစွာနဲ့ နှစ်နိုင်ငံ ပဋိပက္ခရဲ့ အရင်းခံအကြောင်းတရားတွေကို မဖြေရှင်းဘူးဆိုရင်တော့ ပဋိပက္ခတွေက သေချာပေါက် ပြန်ပေါ်လာဦးမှာပါ။ အိန္ဒိယအနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသက မွတ်ဆလင်တွေအပေါ် ဖိနှိပ်မှု ရပ်တန့်ဖို့လိုတယ်။ အဆိုးဆုံးက ပါကစ္စတန်ဟာ အကြမ်းဖက်စစ်သွေးကြွတွေကို သူ့နယ်မြေထဲမှာ လက်ခံထားတာပဲဖြစ်တယ်။ ဧပြီ(၂၂)ရက် အကြမ်းဖက်တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာ သက်သေမပြနိုင်ပေမယ့် စစ်သွေးကြွအကြမ်းဖက်အဖွဲ့ (LeT) က သူတို့လုပ်တာပါလို့ ထုတ်ဖော်ကြေညာခဲ့တယ်။ ထရမ့်အစိုးရအနေနဲ့ ပါကစ္စတန်မှာ အကြမ်းဖက်အဖွဲ့တွေ ခိုလှုံခွင့်မပေးဖို့ ဖိအားပေးသင့်သလို ကမ္ဘာ့ ငွေကြေးရန်ပုံငွေအဖွဲ့ ( IMF) လို ဩဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုဆန့်ကျင်ရေး စောင့်ကြည့်သူတွေကလည်း ဖိအားပေးသင့်တယ်။
တခြားသောနိုင်ငံတွေကလည်း ပါကစ္စတန်ကို ဖိအားပေးသင့်တယ်။ အထူးသဖြင့် ပါကစ္စတန်ကို အဓိက အကူအညီပေးနေတဲ့ တရုတ်နိုင်ငံပဲဖြစ်တယ်။ တရုတ်နိုင်ငံသားတွေကိုယ်တိုင်လည်း ပါကစ္စတန်မှာ အကြမ်းဖက်အဖွဲ့တွေရဲ့ သားကောင်ဖြစ်နေရတယ်။ ပါကစ္စတန်နဲ့ ရင်းနှီးတဲ့ ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ယူအေအီးနဲ့ ကာတာတို့ကလည်း ဖိအားပေးသင့်တယ်။ ဒီနိုင်ငံတွေက ခုတော့ အင်အားကြီးအိန္ဒိယနဲ့ စီးပွားရေးမှာ အကျိုးတူဖြစ်နေတယ်။
ကံကောင်းထောက်မစွာနဲ့ မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲဟာ သိပ်မကြာလှပဲ (လေးရက်အတွင်း) ပြီးဆုံးသွားခဲ့တယ်။ ဒီလို အမြဲကံကောင်းနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တချိန်မဟုတ် တချိန်မှာ နှစ်နိုင်ငံ စစ်မီးတောက်ဟာ ပြန်လည်တောက်လောင် လာနိုင်တယ်။ နျူးကလီးယားလက်နက်ကိုယ်စီပိုင်ဆိုင်ထားပြီး သမိုင်းကြောင်း ရန်စ ရှိထားတဲ့ နှစ်နိုင်ငံကြား စစ်မီးထပ်မံ မတောက်လောင်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်..။
CWM. Ref: On the brink.
Why the conflict between South Asia’s nuclear powers is getting more dangerous. The Economist, May 10,2025.
#MeKongNews








