မဲခေါင်၊ မေ ၂၄
မေ ၂၂ ရက်နေ့က ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့မှ ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်က ဟားဗတ်တက္ကသိုလ်ကို ပြည်ပကျောင်းသား၊ ကျောင်းသူများ လက်ခံသင်ကြားခွင့်ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီးနောက် ဟားဗတ်တက္ကသိုလ်ကိုယ်တိုင်က ထရမ့်အစိုးရကို ပြန်လည်တရားစွဲခဲ့ရာ မက်ဆာချူးဆက်ပြည်နယ် တရားသူကြီး အဲလစ်ဆန်ဘာရို့ချ်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော ပိတ်ပင်မှုဖြစ်သောကြောင့် အမိန့်ကို ယာယီ ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။
နိုဘယ်ဆုရှင်ပေါင်း ၁၆၂ ယောက်ကို မွေးထုတ်ပေးခဲ့သော အမေရိကန်နိုင်ငံ၏ သမိုင်းအစဉ်အလာ အကြီးဆုံး ဟားဗတ်တက္ကသိုလ်ကြီးသည် ဂျူးမုန်းတီးရေးဝါဒဖြန့်မှု၊ လစ်ဘရစ်ဝါဒဖြန့်မှု၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်ရေးလှုံ့ဆော်ပေးနေရာ ကျောင်းကြီးဖြစ်သည် ဟု ဒေါ်နယ်ထရမ့်က စွပ်စွဲထားပြီး တက္ကသိုလ်အတွက် အစိုးရထောက်ပံ့ရန်ပုံငွေ ဒေါ်လာ ၉ ဘီလီယံ ထဲမှ ကနဦး ဒေါ်လာ ၂.၂ ဘီလီယံကို ပြန်လည်သိမ်းဆည်းလိုက်ကာ တရားဝင်စာချုပ်များဖြင့် အေဂျင်စီများမှ ပေးအပ်သည့် ဒေါ်လာသန်း ၆၀ ကို ရုပ်သိမ်းကြောင်း ဆက်တိုက်ကြေညာခဲ့သည်။
ယခုနောက်ဆုံး နိုင်ငံခြားသား ကျောင်းသားဦးရေ၏ ၄ ပုံ ၁ ပုံကျော်မှာ တရုတ်များဖြစ်နေသည်ကို အကြောင်းပြပြီး မည်သည့်နိုင်ငံခြားသားမှ လက်ခံသင်ကြားခွင့်မပြုတော့ကြောင်း ထရမ့်အစိုးရက ထပ်မံကြေညာခဲ့ရာ အမေရိကန်မက်ဆာချူးဆက်တရားရုံးတွင် တက္ကသိုလ်ဘက်မှ ထရမ့်အစိုးရကို ပြန်လည်တရားစွဲခဲ့ပြီး မေ ၂၉ ရက် စတင်ကြားနာစစ်ဆေးမည်ဟု ကြေညာခဲ့သည်။
ထိုကြေညာမှုနှင့်အတူ ထရမ့်အစိုးရ၏ ဟားဗတ်တက္ကသိုလ်အပေါ် ဆက်တိုက် အရေးယူပိတ်ဆို့နေမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီကြောင်း၊ ပြည်ပဧည့်ကျောင်းသားများနှင့် ပူးပေါင်းသင်ကြားမှု ပရိုဂရမ်ကိုလည်း ချိုးဖောက်ရာရောက်သဖြင့် ထိုအမိန့်ကို ဆိုင်းငံ့သည်ဟု တရားသူကြီး အဲလစ်ဆန်ဘာရို့ချ်က မေ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာ သွားခဲ့သည်။
ဟားဗတ်တက္ကသိုလ်ဥက္ကဌ အလန်ဂါဘာကလည်း ထရမ့်အစိုးရသည် ဥပဒေနှင့်မညီ၊ ခိုင်လုံမှုမရှိသော စွပ်စွဲချက်များဖြင့် ကျောင်းအား ဒုက္ခပေး အကြမ်းဖက်နေသည်ဟု ဝေဖန်သွားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်းကလည်း ထရမ့်၏ လုပ်ရပ်များသည် ပညာရေးပူးပေါင်းဆောင်ရွက်မှု၌ နိုင်ငံရေးရောယှက်ခြိမ်းခြောက်ခြင်းဖြစ်သောကြောင့် လက်မခံနိုင်ဟု တုံ့ပြန်သွားခဲ့သည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ဟားဗက်တက္ကသိုလ်
#ဒေါ်နယ်ထရမ့်
#ပြည်ပကျောင်းသား
#မက်ဆာချူးဆက်ပြည်နယ်








