မဲခေါင်၊ မေ၂၄
တရားဝင်သတ္တုတူးဖော်ခွင့် မရှိဘဲ တရုတ်နိုင်ငံသားများ ရွှေခိုးတူးနေသဖြင့် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဝိန်းဝရွာအနီးရှိ ပန်စလိချောင်းတွင် ရေများ ညစ်ညမ်းလာကာ ရွာသားများ ရေသုံးစွဲရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။
တရုတ်နိုင်ငံသားများအနေဖြင့် တရားဝင်သတ္တုတူးဖော်ခွင့်မရှိဘဲ စစ်တပ်နှင့်အုပ်ချုပ်ရေးပိုင်းကို လာဘ်ငွေပေးကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အခု နှစ်စကတည်းက လုပ်နေလို့ ရွာအုပ်ချုပ်ရေးက တားထားတာ၊ အဲတာကို ဆက်လုပ်နေတာ၊ ခုက ရေတွေတအားဝါနောက်နေလို့ ရွာက ရေသုံးခက်နေပြီ” ဟု ရွာခံတစ်ဦးက ပြောသည်။
ပန်စလိချောင်းရေကို အဓိကသုံးစွဲနေရသည့် ဝိန်းဝ၊ ပလောင်ရွာ စသည့်ရွာများတွင် ရေအခက်အခဲဖြစ်ပေါ်စေနေသည်ကို အထက်အုပ်ချုပ်ရေးပိုင်းက ဖြေရှင်းပေးရန်တောင်းဆိုသည်ဟု ၎င်းရွာသားက ဆိုသည်။
တာချီလိတ်ခရိုင်အတွင်း တရားမဝင် ရွှေနှင့်သတ္တုတူးဖော်မှုများ အတွက် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှုးနှင့် တာချီလိတ်အခြေချစစ်ဗျူဟာတို့ကို လာဘ်ငွေပေးရပြီး လုပ်ကွက်တစ်ခုလျှင် ဘတ်တစ်သိန်းမှ ဘတ် ၃သိန်းအထိ လစဉ်ပေးရကြောင်း လုပ်ကိုင်နေသူများနှင့် နီးစပ်သူထံမှ သိရသည်။
ရွှေနှင့် သတ္တုတူးဖော်မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု အများအပြား ဖြစ်ပေါ်လျက်ရှိရာ ပြီးခဲ့သည့် မေလ ၁၄ ရက်ကလည်း မိုင်းကိုးအုပ်စု အတွင်း သတ္တုတူးဖော်နေသည့် နွံကန်ပေါက်ပြီး ရေချောင်းများနှင့် ရွာကို ထိခိုက်မှု ဖြစ်စေခဲ့သေးကြောင်း သိရသည်။
ရှမ်းအရှေ့တွင် ရွှေတူးဖော်ခြင်းများကြောင့် မြစ်ချောင်းများ ရေကြီးရေလျှံဖြစ်ကာ အဆိပ်သင့်ခြင်းများကြောင့် ဒေသခံလူထုအပြင် ဆက်စပ်နယ်မြေက ထိုင်းနိုင်ငံကပါ အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။
#MeKongNews
#ပန်စလိချောင်း
#တာချီလိတ်
#တရားမဝင်ရွှေတူး
#ဝမ်လုံးကျေးရွာအုပ်စု
#တရုတ်နိုင်ငံသား








