မဲခေါင်၊ မေ ၂၄
“ဝ” UWSA ထိန်းချုပ်ဒေသ မိုင်းပေါက်တွင် အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူတစ်ဦးနှင့် မူးယစ်ဆေး အလွန်အကျွံသုံးပြီး လူသတ်မှုကျူးလွန်သူ တစ်ဦးတို့ကို သေဒဏ်စီရင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အသက်မပြည့်သေးသူ မိန်းကလေးငယ်အား မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ Yanxi နှင့် မူးယစ်ဆေး အလွန်အကျွန်သုံးစွဲပြီးလူသတ်မှု ကျူးလွန်ခဲ့သည့် Li Yan Bao ဆိုသူတို့ကို မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းပေါက်မြို့ တရားစီရင်ရေးကွင်း၌ အများပြည်သူ ရှေ့မှောက်တွင် တရားစီရင်ပြီးနောက် သေဒဏ်စီရင်လိုက်ကြောင်း သိရသည်။
“လူသတ် သက်ငယ် မုဒိန်းမှု ကျူးလွန်တာက အရွယ်မရောက်သေးတဲ့ ကလေးမလေးနဲ့ သူ့ရဲ့ အမေကို သတ်တာလို့ သိရတယ်။ ဆေးသုံးလွန်ရာကနေ လူသတ်မှု ဖြစ်တာကတော့ ဆေးသုံးဖို့အတွက် ငွေတောင်းရာကနေ ဖြစ်တာပါ။ မုဒိန်းက “ဝ” ဒေသခံ တရုတ်လူမျိုးပါ”ဟု ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း မိုင်းမောတွင် လူသတ်မှုကျူးလွန်သည့် ရဲဝန်ထမ်းကို UWSA က မိုင်းပေါက်မြို့တရားစီရင်ရေးကွင်းတွင် သေဒဏ်စီရင်ခဲ့သေးသည်။
မဟာ
#MeKongNews
#UWSA
#မိုင်းပေါက်
#သေဒဏ်စီရင်
#မုဒိန်းကျင့်








