မဲခေါင်၊ မေ ၁၉
ထိုင်းနိုင်ငံသည် တရုတ်မှ ရေငုပ်သင်္ဘော ဝယ်ယူခဲ့သော်လည်း နည်းပညာ အားနည်းချက်များကြောင့် တရုတ်ရေငုပ်သင်္ဘောတွင် ဂျာမနီအင်ဂျင်တပ်ဆင်ရန် စီစဉ်ခဲ့ရာ ဂျာမနီက မရောင်းနိုင်ဟု ငြင်းခဲ့ပြီးနောက် ထိုင်းကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာရာချိုင်က မိမိတို့တွင် ရွေးချယ်စရာ ၂ လမ်းသာရှိတော့ပြီး တရုတ်အင်ဂျင်တပ် ရေငုပ်သင်္ဘောကို လက်မခံလိုပါက တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော ပထမဆုံး ရေငုပ်သင်္ဘောအတွက် ပေးချေပြီးသား ငွေ ၈၀ ရာခိုင်နှုန်း အဆုံးရှုံးခံရန်သာ ရှိတော့သည်ဟု စိတ်ပျက်စွာ ဖွင့်ပြောသွားခဲ့သည်။
ပြီးခဲ့သည့် မေ ၁၆ ရက်က တရုတ်သံအမတ်သည် မိမိတို့အား လက်ကျန်ငွေ ပေးချေရန် ကြိမ်ဖန်များစွာ မေးမြန်းဖိအားပေးနေကြောင်း ဖမ်သမ်က ဖွင့်ဟခဲ့ပြီး ဘာလင်တွင် ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်စဉ် ဂျာမန် ကာကွယ်ရေးဝန်ကြီးအား ဂျာမနီထုတ် ရေငုပ်သင်္ဘောအင်ဂျင်များရောင်းပေး ရန် မေးမြန်းကမ်းလှမ်းရာ ဂျာမနီသည် NATO အဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် တရုတ်ထုတ် ရေငုပ်သင်္ဘောအတွက် စစ်လက်နက်ဆိုင်ရာ မည်သည့်ပစ္စည်းမှ ရောင်းချခွင့်မရှိဟု တုံ့ပြန်လိုက်သဖြင့် ထိုင်းအနေဖြင့် ရေငုပ်သင်္ဘောများ တရုတ်ထံမှ မှာယူထားမှု အခက်အခဲများစွာ ကြုံရပြီဖြစ်သည်။
ပထမဆုံးအနေဖြင့် တရုတ်ဘက်မှ တည်ဆောက်နေသော ရေငုပ်သင်္ဘောသည် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ယင်းအတွက် ပေးချေရမည့် တစ်စီးတန်ကြေး ဘတ် ၇ ဘီလီယံ ကျော်ထဲမှ ၈၀ ရာခိုင်နှုန်းကို ပေးချေပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးချယ်စရာနှစ်လမ်းအဖြစ် ပေးပြီးသားငွေအဆုံး ရှုံးခံမည်လား၊ တရုတ်အင်ဂျင်တပ် ရေငုပ်သင်္ဘောကိုသာ ရယူမည်လားဆိုသော နှစ်လမ်းသာ ရွေးချယ် ရာကျန်တော့သည်ဟု ဖမ်သမ်က မေ ၁၉ ရက်တွင် ထပ်မံ ရှင်းလင်းပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ရေငုပ်သင်္ဘော
#တရုတ်ထုတ်
#ထိုင်းနိုင်ငံ
#ဂျာမနီ








