မဲခေါင်၊ မေ ၁၆
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူတိုက်ပွဲအတွင်း တြိဂံဒေသတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးကို ဖမ်းဆီးရမိကြောင်း အင်းလေး ၁၀၀၉ – IPDF ထံမှ သိရသည်။
ပြီးခဲ့သည့် မေလ၁၃ရက်က ရေပူရွာတိုက်ပွဲတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်များဖြစ်သည့် ရှမ်းတောင်-ကရင်နီစစ်တိုင်းမှ အင်းလေး၁၀၀၉ IPDF၊ ဖယ်ခုံ PDF ၁၀၀၆၊ ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အင်းလေး ၁၀၀၉ IPDF က ထုတ်ပြန်သည်။
ဖမ်းဆီးရမိသူများမှာ တပ်ကြပ်အဆင့်တစ်ဦး၊ တပ်သား ၂ဦးဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများကို စစ်သုံ့ပန်းဥပဒေအရ အရေးယူရန်နှင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်စဉ်က ကျူးလွန်ခဲ့သည့် ပြစ်မှုများကို စုံစမ်းဖော်ထုတ် အရေးယူသွားရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၁၀၀၉ တပ်ရင်း တပ်ရေးဖြစ်သူ ကိုအင်းသွေးနီက မဲခေါင်ကို မတ်လ ၁၆ရက်တွင် ပြောသည်။
ယင်းတိုက်ပွဲတွင် တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် စစ်ကောင်စီဘက်မှ ၁၈ဦးထက် မနည်းကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် ၄လက်လည်းရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။
ယင်းတိုက်ပွဲအတွင်း တပ်ပေါင်းစုဘက်မှ တစ်ဦး ကျဆုံးခဲ့ရကြောင်းနှင့် သုံ့ပန်းများကို တပ်ပေါင်းစုတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များသိမ်းပိုက်ထားသည့် နယ်မြေများ ပြန်လည်စိုးမိုးမှုရစေရေး စစ်ဆင်ရေးများဖော်ဆောင်ရာတွင် လေကြောင်း၊ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုများရှိနေပြီး ပြည်သူများကိုလည်း ပစ်မှတ်ထားကာ တိုက်ခိုက်မှုပြုနေခြင်းကြောင့် ပြည်သူအများ ထိခိုက်မှုဒဏ်ရာရမှုများရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
(မှတ်ချက် – ဖမ်းဆီးရမိသည့်သုံ့ပန်းပုံများကို တယ်လီဂရမ်ချန်နယ်တွင် ကြည့်ရှူ့နိုင်ပါသည်။ Link -https://t.me/mekongnewsmm/35691)
မဟာ
#MeKongNews
#တြိဂံဒေသတိုင်း
#PNO
#စစ်သုံ့ပန်း
#ရေပူရွာတိုက်ပွဲ








