မဲခေါင်၊ မေ ၁၀
စီးပွားရေးနှင့် စီးပွားရေးသုတေသနစင်တာ (CEBR) ၏ စစ်တမ်းအသစ်အရ ဗီယက်နမ်သည် လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း အင်ဒိုနီးရှားပြီးလျှင် ထိုင်းနိုင်ငံကိုကျော်ကာ အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအင်အားအတောင့်ဆုံးနိုင်ငံဖြစ်လာ မည်ဟုဆိုသည်။
စီးပွားရေး Think Tank အဖွဲ့ CEBR ၏ခန့်မှန်းမှုအရ ၂၀၃၆ ခုနစ်တွင် ဗီယက်နမ်သည် ကမ္ဘာ့ စီးပွားရေးအင်အားအတောင့်တင်းဆုံး နိုင်ငံများစာရင်းတွင် အဆင့် (၂၀) အထိ ရောက်ရှိလာနိုင်ကြောင်း၊ ၂၀၂၁-၂၀၂၅ အတွင်း စီးပွားရေးမြှင့်တင်မှု ၅ နှစ်စီမံကိန်းမှာပင် ဗီယက်နမ်သည် တစ်နှစ်ပျမ်းမျှ စီးပွားရေးတိုးတက်နှုန်း ၆ . ၅ ရာခိုင်နှုန်း ရှိနေကာ ထိုနှုန်းအတိုင်းဆိုလျှင် ၂၀၂၈ ခုနှစ်ကုန်သည်နှင့် အင်ဒိုနီးရှားပြီးလျှင် ဒုတိယ စီးပွားရေးအဖွံ့ဖြိုးဆုံးသော အာဆီယံနိုင်ငံဖြစ်လာမည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကယခုနှစ်မှာပင် ဗီယက်နမ်သည် စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး (GDB) ဒေါ်လာ ၅၇၁ ဘီလီယံ ရှိပြီး မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူတို့အထက် အင်ဒိုနီးရှားနှင့် ထိုင်းနောက် တတိယနေရာတွင် ရှိနေသည်။
IMF မှ ကြိုတင်တွက်ချက်မှုအရ ၂၀၂၇ တွင် ထိုင်းနိုင်ငံ၏ GDB သည် ဒေါ်လာ ၆၉၂ ဘီလီယံရှိမည်ဖြစ်ကာ ဗီယက်နမ်သည် ဒေါ်လာ ၆၉၀ ဘီလီယံ ရှိမည်ဖြစ်ရာ တိုးတက်မှုနှုန်းအရ ဗီယက်နမ်သည် ၂၀၂၈ တွင် ထိုင်းကိုကျော်တက်သွားမည်ဟု သုံးသပ် ထားခြင်းဖြစ်သည်။
သို့သော် ဗီယက်နမ်အနေဖြင့် ထိုနှုန်းအတိုင်း စီးပွားရေးဆက်လက်တိုးတက်နိုင်ရေး မူဝါဒခိုင်မာမှု၊ နည်းပညာအဆင့်ဆက်လက်မြှင့်တင်နိုင်စွမ်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိန်းညှိနိုင်စွမ်း၊ နိုင်ငံတွင်း သက်ကြီးများပြားလာပြီး အလုပ်သမားရင်းမြစ် နည်းပါးလာမှုကို လျှော့ချနိုင်ရေး စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မှဖြစ်မည်ဟု သတိပေးမှုလည်း ထည့်သွင်းဖော်ပြခဲ့သည်။
လက်ရှိနှုန်းအတိုင်း ဆက်လက် တိုးတက်နိုင်လျှင်မူ ဗီယက်နမ်သည် ၂၀၃၆ ခုနှစ်မှာပင် ပိုလန်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံနှင့် ဩစတြေးလျနိုင်ငံများထက် စီးပွားရေးဖွံ့ဖြိုးမှု ပိုတိုးတက်လာဦးမည်ဟု CEBR က ခန့်မှန်းသုံးသပ်ခဲ့သည်။
ကိုကလင်း
Ref:The Nation
#MeKongNews
#ဗီယက်နမ်
#အာဆီယံ
#စီးပွားရေးတိုးတက်
#အရှေ့တောင်အာရှ








