မဲခေါင်၊ မေ ၁၀
ထိုင်းနိုင်ငံ ချင်းမိုင်နှင့်ချင်းရိုင်ခရိုင်များတွင် ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါး အလုံးအရင်း သိမ်းဆည်းရမိခဲ့ကာ ၁၀ ဘီးကား၊ ၆ ဘီးကားများဖြင့်ပင် သန်းချီသော စိတ်ကြွမူးယစ်ဆေးပြားများ သယ်ဆောင်မှုကို ဖမ်းဆီးရမိနိုင်ခဲ့သည်။
မေ ၇ ရက်နေ့ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲတွင် ချင်းရိုင်ခရိုင် သာခိုစစ်ဆေးရေးဂိတ်တွင် ၃၂ နှစ်သား ထိုင်းရွာသားတစ်ဦး မောင်းလာသည် ၆ ဘီးကားကြီးပေါ်တွင် စိတ်ကြွဆေး ၁ . ၅ သန်းကျော်ပါ အိတ် ၈ အိတ်ကို စစ်ဆေးတွေ့ရှိရပြီး တာချီလိတ်ဘက်မှ တာဝန်ရှိ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် ချိတ်ဆက်ကာ ကြားလူတစ်ဦးက ထိုမူးယစ်ဆေးများကို တစ်ခေါက် ဘတ် ၄ ထောင်ပေးပြီး သယ်ခိုင်းနေကြ ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
မေ ၆ ရက် နံနက် ၁၁ နာရီတွင်လည်း မယ်ဆိုင်မှ ချင်းမိုင်ရှိ မယ့်ဆောင်းအရပ် ကုန်ပစ္စည်းချောပို့ လုပ်ငန်းတစ်ခုဆီသို့ လိုင်ချီးသေတ္တာများဖြစ်သည်ဆိုကာ ပို့ခိုင်းခဲ့သော ပါဆယ်ထုပ်များအား အလေးချိန် မူမမှန်သဖြင့် ရဲကို တိုင်တန်းစစ်ဆေးစေရာ စိတ်ကြွဆေး ၁၀၀၀၀၀ ဖြစ်နေသည်ကို တွေ့ရှိရပြီး ပစ္စည်းပို့ပေးသည့် သက်လတ်ပိုင်းအမျိုးသား ၂ ယောက်ကို စုံစမ်းနေဆဲဖြစ်သည်ဟု ချင်းမိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
မေ ၆ ရက် ညနေပိုင်းမှာပင် ချင်းမိုင်မှာပင် ၁၀ ဘီးကားတစ်စီးနှင့် ကင်းထောက်သဖွယ် လိုက်ပါသည့် ဘန်ကောက်လိုင်စင် ပစ်ကပ်ကားတစ်စီးကို ဖမ်းဆီးစစ်ဆေးရာ အိတ် ၂၅ အိတ်အတွင်း ထည့်သွင်းတားသည့် စိတ်ကြွဆေး ၅သန်း သိမ်းဆည်းရမိပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
မေ ၈ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီခွဲတွင်လည်း ချင်းမိုင်ခရိုင်၊ ချီယန်းဒါအိုခရိုင်ခွဲ၊ မယ်ချလမ်းခွဲတွင် သတင်းရရှိသည့်အတွက် စစ်ဆေးရန် စောင့်နေသည့် ဂိတ်နားအရောက် နောက်ပြန်မောင်းပြေးသော အဖြူရောင် ပစ်ကပ်ကားတစ်စီးအား လိုက်လံဖမ်းဆီးရာ စစ်ဆေးရေးဂိတ်၏ ၂ ကီလိုမီတာ ဝန်းကျင်တွင် ကားကို စွန့်ပစ်ထွက်ပြေးသွားသည်ကို တွေ့ရကြောင်း၊ ကားပေါ်တွင် အိတ် ၂၅ အိတ် အတွင်းထည့်သွင်းထားသည့် ICE စုစုပေါင်း ၅၀၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိကြောင်း၊ ကားပိုင်ရှင် အမျိုးသားကို မေ ၉ ရက်မနက်၌ ချီယန်ဒါအိုရှိ နေအိမ်သို့ သွားဖမ်းရာတွင် မတွေ့ရှိခဲ့ဟု သိရသည်။
Ref:Maesaipress
ကိုကလင်း
#MeKongNews
#မူးယစ်ဆေးဝါး
#တာချီလိတ်
#ချင်းမိုင်
#မယ်ဆိုင်
#ဖမ်းမိ








