မဲခေါင်၊ မေ ၉
တရုတ်အကူအညီဖြင့် စစ်ကောင်စီပြန်လည်အုပ်ချုပ်နေသည့် လားရှိုးမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်းဒေသခံများထံက သိရသည်။
လားရှိုးမြို့ရှိ EPC ကဓါတ်အားခွဲစက်ရုံမှ လျှပ်စစ်မီးဖြန့်ဝေပေးနိုင်မှု မရှိသဖြင့် မေလ ၅ရက်မှ ယနေ့ ၉ရက်နေ့အထိ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း၊ လားရှိုးမြို့ကို လျှပ်စစ်မီးဖြန့်ဝေနေသည့် ရေအားလျှပ်စစ်ရုံအချို့မှာ TNLA က ထိန်းချုပ်နယ်မြေအတွင်းရှိနေပြီး စစ်ကောင်စီနှင့် TNLA တိုက်ပွဲပြင်းထန်နေချိန်တွင် TNLAဘက်မှ လျှပ်စစ်မီးမပေးတော့ခြင်း ဖြစ်နိုင်ကြောင်း လားရှိုးဒေသခံတစ်ဦးက သုံးသပ်သည်။
“ကူမင်းမှာ စကစနဲ့ TNLA တို့ သဘောတူညီမှု တစုံတရာမရရှိတာရယ်၊ စကစ က TNLAထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့တွေကို လေကြောင်းတိုက်ခိုက်မှု လုပ်တာရယ်၊ အဲဒါတွေကို တုန့်ပြန်တဲ့အနေနဲ့ TNLAကလားရှိုးမြို့ကို လျှပ်စစ် မီးဖြတ်တောက်တာ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
သို့သော် လားရှိုးမြို့နှင့် ၂မိုင်ခန့်သာဝေးသည့် MNDAA ထိန်းချုပ်ထားသည့် တာပုံ၊ ဟိုပိတ်ကျေးရွာများတွင် လျှပ်စစ်မီးထိန်ထိန်လင်းနေသည်ကို မြင်ရကြောင်း၊ သိန္နီအထိ လျှပ်စစ် မီးသွယ်တန်းထားပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့သို့ လျှပ်စစ်မီးပေးနေသည်မှာ ရွှေလီရေအားလျှပ်စစ်၊ မန်စန်ရေအားလျှပ်စစ်၊ ကုန်းညောင်ရေအားလျှပ်စစ်များ ဖြစ်ပြီး အားလုံးမှာ TNLA ထိန်းချုပ်နယ်မြေထဲတွင် ရှိနေသည်။
လျှပ်စစ်မီး မရရှိမှုကြောင့် ရာဇဝတ်မှုများ အတင့်ရဲစွာကျူးလွန်နေကြပြီး မေလ ၇ရက်က အမှတ် ၁ ရဲစခန်းအနီး၌ပင် ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။
လက်ရှိလားရှိုးတွင် မနက်၆နာရီ၊ ည၆နာရီအစား မနက် ၅နာရီမှ ည၇ နာရီအထိ သွားလာခွင့်တိုးမြင့် ပေးထားသော်လည်း လျှပ်စစ်မီးမရရှိမှုက ရာဇဝတ်မှု ကျူးလွန်သူများအတွက် အခွင့်ကောင်းဖြစ်နေသလို အများပြည်သူ အတွက်
အန္တရာယ်ပိုမို တွေ့ကြုံရနိုင်ကြောင်း ဒေသခံများက ဝေဖန်သည်။
မဟာ
#MeKongNews
#လားရှိုး
#လျှပ်စစ်မီး
#TNLA
#MNDAA








