မဲခေါင်၊ မေ ၉
ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များသို့ ဖြတ်သန်းစီးဆင်းနေသော နမ့်ခုတ်မြစ် (Kok မြစ်)အတွင်း မြန်မာဘက်ခြမ်း၊ ရှမ်းအရှေ့မှ ရွှေမိုင်းများကြောင့် အာဆင်းနစ်အက်ဆစ်နှင့်အခြားသော ဓာတ်သတ္တုများစွာ ပျော်ဝင်နေခြင်းကြောင့် ငါးများတွင် အနာများဖြစ်နေပြီး ဖမ်းဆီးရောင်းချမှု၌ ဝယ်ယူသူ နည်းပါးနေခဲ့ပြီဟု ရှင်သန်နေသော ရှမ်းမြစ်အသင်း( Living River Siam Association ) ဥက္ကဌ Somkiat Kuenchiangsa က ပြောသည်။
မတ် ၃၁ ရက်နှင့် ဧပြီ ၁ ရက်နေ့က ဓာတ်ခွဲခန်းတွင် ရေအရည်အသွေးစမ်းသပ်စစ်ဆေးရာ ပျော်ဝင်နေ သည့် အာဆင်းနစ်အက်ဆစ်ဓာတ်သည် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၁၉ ဆ ကျော် များပြားနေခြင်းကြောင့် နမ့်ခုတ်မြစ်အတွင်း ရေများကို အသုံးမပြုသင့်ဟု အကြံပြုထားရာ တံငါသည်များကမူ မြစ်အတွင်း ဆက်လက် ငါးဖမ်းနေကြရာ၌ အနာများနှင့် ငါးများစွာကို ဖမ်းမိနေပြီး ဝယ်ယူမှု ရှားပါးသော ပြဿနာနှင့်ရင်ဆိုင်နေရသည်ဟု Somkiat ကဆိုသည်။
ထိုမြစ်အတွင်းမှ ငါးများကို စမ်းသပ်စစ်ဆေးမှုတွင် ဘေးကင်းခြင်းအဆင့်ဖြစ်သော 2mg/kg အောက် 0.13 mg/kg သာပါဝင်သော်လည်း အနာများဖြစ်နေသည့် ငါးများစွာတွေ့ရှိရခြင်းကြောင့် ဝယ်ယူမှုများ နည်းပါးလွန်းနေသည်ဟု သိရသည်။
မိုးဦးရာသီဖြစ်သောကြောင့် အဆိုပါ နမ့်ခုတ်မြစ်မှ အာဆင်းနစ် ဓာတ်များစွာပါဝင်နေသော ရေဆိုးများသည် မဲခေါင်မြစ်အတွင်းအထိ စီးဝင်ကာ ငါးများကို အလားတူ အနာများဖြစ်စေသည့်အတွက် ငါးရင်းမြစ် လျော့နည်းလာနေသည့်ကြားမှ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ပိုဆိုးသော အခြေအနေကို ဖြစ်တည်စေသည်ဟု Somkiat က သတိပေးသွားခဲ့သည်။
မြန်မာနိုင်ငံ ရှမ်းအရှေ့ပိုင်းတွင် တရုတ်ကုမ္ပဏီများစွာနှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တို့ ဦးဆောင်းပြီး ရွှေမိုင်းလုပ်ကွက်များစွာကို စည်းကမ်းမဲ့ လုပ်ဆောင်နေရာမှ ရွှေကျင်ရာ၌ စျေးအပေါဆုံးနှင့် အလုပ်အဖြစ်ဆုံး အာဆင်းနစ်များ အသုံးပြုနေမှုများသည် မယ်ဆိုင်မြစ်အတွင်း အဆိပ်ဓာတ်များစွာ ပျော်ဝင်ခြင်းဖြင့် မဲခေါင်မြစ်တစ်လျှောက်ကို စိုးရိမ်စရာဖြစ်လာစေရာ ထိုင်း အစိုးရ အနေဖြင့် အဆိုပါ ရွှေတွင်းလုပ်ကွက်လုပ်သည့် တရုတ်အုပ်စုများ၊ တိုင်းရင်းသား လက်နက် ကိုင်များနှင့် အမြန်ဆုံး ဆွေးနွေးတားမြစ်သင့်ပြီဟု Somkiat ကတိုက်တွန်းသွားခဲ့သည်။
ကိုကလင်း
Ref: thaipbs
#MeKongNews
#နမ့်ခုတ်မြစ်
#အာဆင်းနစ်
#ရွှေတူးဖော်မှု
#တရုတ်ကုမ္ပဏီ








