မဲခေါင်၊ မေ ၈
ရှမ်းပြည်မြောက်ပိုင်းမှ TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်၊ ကုန်းစုံကျေးရွာတွင် အမျိုးသားတစ်ဦး စစ်ကောင်စီလက်ကျန်မိုင်းကို နင်းမိရာမှ ညာဘက်ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက မေလ ၇ရက်တွင် ထုတ်ပြန်သည်။
မေလ ၇ ရက်၊ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အတွင် အသက် ၃၂ နှစ် အရွယ် ဦးအိုက်လောဝ်ဆိုသူသည် စစ်ကောင်စီ၏ ခလရ ၂၃ တပ်စခန်းဟောင်း ခြံစည်းရိုးဘေးတွင် ထင်းသွားခွေရာမှ ယခင်စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းတစ်လုံး နင်းမိခဲ့သည်ဟု ဆိုသည်။
အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် တအာင်းမြို့နယ်ရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး လူနာအား ဆေးရုံကုသရန် ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့တွင် ပြီးခဲ့သည့် ဧပြီလတွင်လည်း တုံစင်ကျေးရွာတွင် အသက် (၅၀)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ခလရ (၂၃) တပ်စခန်းဟောင်းအတွင်း ငှက်သွားပစ်ရာမှ မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။
မဟာ
#MeKongNews
#သီပေါ
#TNLA
#မိုင်းနင်းမိ
#ရှမ်းမြောက်








