မဲခေါင်၊ မေ ၈
TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့များကို ပြန်လည်ရရှိပါက အဆင့်သင့်ဝင်ရောက်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကောင်စီက မြို့နယ်အလိုက်ယာယီရုံးများကို တောင်ကြီးနှင့် မန္တလေးတွင် ယခုမေလဆန်းမှ စတင်ကာ ဖွင့်လှစ်ထားကြောင်း Non – CDM ဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။
MNDAA သိမ်းပိုက်ခဲ့သည့် လားရှိုးကို တရုတ်အကူအညီဖြင့် ပြန်ရခဲ့သည့် စစ်ကောင်စီက TNLA သိမ်းပိုက်ခဲ့သည့် မြို့များကိုလည်း ယင်းကဲ့သို့ ပြန်ရမည်ဟုသေချာပေါက် ယူဆထားသည့်သဘောရှိပြီး TNLA သိမ်းပိုက်စဥ် ထွက်ပြေးလာသည့်ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီက ယာယီရုံးများဖွင့်ခိုင်းကာ မြို့များသို့ ပြန်လည်ဝင်ရောက်ရပါက အဆင်သင့် အုပ်ချုပ်စီမံနိုင်ရေး ပြင်ဆင်ထားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း Non – CDM များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“လားရှိုးသမားတွေတော့ အားလုံးလိုလို သွားကုန်ကြပြီ။ TNLA သိမ်းထားတဲ့ ရှမ်းမြောက်မြို့တွေက ဝန်ထမ်းတွေ တောင်ကြီးကသက်ဆိုင်ရာ ရုံးတွေမှာ တွဲဖက်ထားတာကို ခုညွှန်ကြားချက်ကြောင့် မြို့အမည်နဲ့သီးခြားလုပ်ရတာပါ။ ဝန်ထမ်းအနေနဲ့တွဲဖက်တော့တာမဟုတ်ဘဲ ရုံးအမည်နဲ့ တွဲဖက်လာတာပါ။ ပြန်သွားရရင် အဆင်သင့်ဖြစ်အောင်လို့ ပြောတယ်။ ဝန်ထမ်းတွေလည်း မစုံကြဘူး” ဟု ၎င်းက မဲခေါင်ကို ပြောသည်။
ရှမ်းမြောက်ရှိ မြို့နယ်များအတွက် ရုံးများကို တောင်ကြီးတွင် ဖွင့်လှစ်ပြီး မိုးကုတ်က ရုံးများကို မန္တလေး တွင် ဖွင့်လှစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်မေလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီထံသို့ ပြန်ပေးရန် တရုတ်နိုင်ငံ၏ ဖိအားများရှိနေသော်လည်း ပြန်ပေးရန်မရှိကြောင်း TNLA တွဲ ဖက် အထွေထွေ အတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တားပန်လက ပြောဆိုထားသည်။
TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ၂ပိုင်းအပြီး ရှမ်းပြည်မြောက်ပိုင်းရှိ နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနှင့် သီပေါမြို့နယ်များကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။
မဟာ
#MeKongNews
#ရှမ်းမြောက်
#TNLA
#စစ်ကောင်စီ
#တရုတ်အားကိုး
#လားရှိုး








