မဲခေါင်၊ မေ ၆
နွေဦးတော်လှန်ရေးနှင့် အတူပေါ်ထွန်းလာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF သည် မေလ ၅ ရက်နေ့တွင် ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၄ နှစ်တာကာလတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ တို့ ဦးဆောင်သိမ်းယူထားသော မြို့ ၉ မြို့အထိရှိခဲ့ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက မဲခေါင်ကိုပြောသည်။
၂၀၂၃ ခုနှစ်တွင် စစ်ကိုင်းတိုင်းရှိ ခမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့နှင့် မော်လူးမြို့တို့ကို သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စစ်ကိုင်းတိုင်းရှိ မြို့သစ်မြို့၊ တကောင်းမြို့၊ ပင်လယ်ဘူးမြို့၊ မန္တလေးတိုင်းရှိ စဉ့်ကူးမြို့နှင့် သပိတ်ကျင်းမြို့တို့ကို သိမ်းပိုက်ရရှိခဲ့ကာ ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းရှိ အင်းတော်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
“အမှန်အတိုင်းပြောရရင် တနိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေတိုင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ အဲ့ထဲမှာမှ PDF ရော ပကဖရော ပါဝင်ပြီး တိုင်းရင်းသား မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး သိမ်းခဲ့တဲ့မြို့တွေဆို မြို့ ၉ မြို့ပေါ့နော်။ ဒါတွေကတော့အဓိကပါဝင်ပြီး သိမ်းခဲ့တာဖြစ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က မဲခေါင်ကိုပြောသည်။
၄ နှစ်တာကာလအတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်သားများအနေဖြင့် စစ်ပုံပိုမိုကျလာခြင်းနှင့် Code Of Conduct( စစ်သည်တော်ကျင့်ဝတ်များ) လိုက်နာမှု အားကောင်းလာခြင်း၊ Chain Of Command (အမိန့်ပေးကွပ်ကဲမှုကိုနာခံမှု) အားကောင်းလာပြီး အချိန်တိုအတွင်းတည်ဆောက်နိုင်ခြင်းသည် PDF GenZ(ဂျန်ဇီ)များ၏ စိတ်အားထက်သန်မှုကြောင့်သာ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ဖွဲ့ဝင်များအနေဖြင့် တောင်တန်းဒေသများမှ ကျော်လွန်ကာ မြေပြန့်တိုက်ပွဲများ ဖော်ဆောင်နေပြီဖြစ်ပြီး ယင်းအခြေအနေကို တိုင်းရင်းသားမဟာမိတ်များအနေဖြင့် အသိအမှတ်ပြု ရေးသားပြောဆိုမှုများ ရှိလာကြောင်း ဦးနေဘုန်းလတ်က မဲခေါင်ကိုပြောသည်။
နွေဦးတော်လှန်ရေးစတင်ပြီး ၃ လခန့်အကြာတွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ယနေ့တွင် ၄ နှစ်ပြည့်မြောက်လာခဲ့ပြီဖြစ်ပြီး ၎င်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့်မဟာမိတ်အစုအဖွဲ့များက သဝဏ်လွှာများ ပေးပိုကြသည်။
ပုံအညွှန်း – ၂၀ ရက် ၄လ ၂၀၂၄ ခုနှစ် ကရင်နီပြည်နယ်တွင်တွေ့ရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များ
သတင်းနှင့်ဓာတ်ပုံ – ဂနိုက်
#MeKongNews
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#PDF
#ပကဖ
#မြို့သိမ်း








